ဖားကန့်မြို့၊ မရှီကထောင်ကျေးရွာတွင် ယနေ့နံနက် ၅ နာရီခန့်က ဓားဒဏ်ရာဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်းသိရသည်။

ဈေးအနီးရှိ တရုတ်ဘုံကျောင်းရှေ့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အသက် ၂၄ နှစ်ခန့်အရွယ်ရှိ မရှီကထောင်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သတ်ခံထားရတာတော့ ကြာပြီလို့ပြောတယ်။ စျေးသွားတုန်း လမ်းမှာလူတစ်ယောက်သွေးတွေနဲ့ လှဲနေတာတွေ့လို့ သွားကြည့်တာ အဲ့နားကလူတွေပြောနေကြတာတော့ သူတို့မူးယစ်ဆေးသမားချင်းချင်း စကားများပြီး သတ်သွားတာတဲ့” ဟုပြောသည်။

သေဆုံးသူမှာ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဦးဂွမ်ဂျက်ဆိုသူဖြစ်ပြီး မှော်ဝမ်းကြီးရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဦးဂွမ်ဂျက်သည် လည်ပင်းညာဘက်တွင် ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းကို လူမှုကူညီရေးအသင်းများကလာရောက်သယ်ဆောင်သွားပြီဖြစ်ကြောင်း အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

“ရုပ်ကတော့ ကချင်ရုပ်ဗျ အခုသတ်ခံရတဲ့သူကလည်း မူးယစ်ဆေးသမားပဲ။ ဓားနဲ့ထိုးသတ်ထားတာ လည်ပင်း တစ်ဝိုက်နားပဲ ဟုတ်တယ်။ အလောင်းကိုတော့ သယ်သွားကြပြီ။ မီးသင်္ဂြိုဟ်ဖို့တော့စီစဥ်နေကြတယ်” ဟုပြောသည်။

ဖားကန့်မြို့ ယူမာကျေးရွာတွင်လည်း သြဂုတ်လ ၁၇ ရက်နေ့က အသတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့သည်။

ဖားကန့်မြို့နယ်တွင် ပိုင်ရှင်မဲ့အလောင်းများနှင့် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ မကြာခဏ တွေ့ရှိရပြီး ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့က ဆိပ်မူကျေးရွာအနီးတွင်လည်း လည်ပင်းတွင်နွယ်ကြိုးများဖြင့် ချည်ခံထားရသော ဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ