မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးကို စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးစားနေသောကြောင့် စစ်ရေးဆက်လက်တင်းမာနေကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ် တပ်မ (၃၃)နှင့် တပ်မ (၈၈) တပ်ဖွဲ့ဝင်များက မြစ်ကြီးနား-ဗန်းမော် ကားလမ်းတစ်လျှောက် စစ်ကြောင်းထိုးနေသောကြောင့် နေစဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကို ပြောသည်။

“မြစ်ကြီးနား – ဗန်းမော်ကားလမ်းက ကထန်ယန်၊ အောင်ဂျာ ပတ်ဝန်းကျင်မှာ စစ်အင်အားတွေက ပိုပြီးမှ တိုးထားနေလို့ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်တဲ့ အနေအထား ဖြစ်ပါတယ်။ ဖားကန့်ဘက်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ရှိတယ်။ ဗန်းမော်၊ မိုးမောက်ဖက်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ရှိတယ်။ ဒါကြောင့် ကချင်ပြည်နယ်က အခု မိုးတွင်းမှာကတော့ တော်တော်လေး၊ စစ်ရေးအခြေအနေကတော့ တင်းတင်းမာမာ ဖြစ်နေပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်က KIA ဌာနချုပ်အနီးသို့ ထိုးစစ်ဆင်လာခြင်းမှာ မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးကို ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

“အရင်က မဒီးယာန်(ရွာ)ဘက်မှာရောက်နေတဲ့ သူတို့အဖွဲ့တွေကို စစ်ကူပေးဖို့ ဗန်းမော်ဖက်က တက်လာတာ ရှိတယ်လို့ ပြောကြတယ်။ တစ်ရာကျော်လောက် ရှိမှာပေါ့။ သူတို့ကတော့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းကို ထိန်းချုပ်ချင်လို့ အဲ့ဒီကားလမ်းတစ်ကြောလုံးကို ပြန်ထိုင်ချင်လို့ ကြိုးစားနေတယ်လို့ သုံးသပ်ပါတယ်” ဟု ဆိုသည်။

ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာအနီး ဩဂုတ်လ ၂၂ ရက်က ကားမိုင်းမြို့မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် KIA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကားမိုင်း-ဖားကန့်လမ်းကို ငါးရက်ကြာ ပိတ်ဆို့ထားခဲ့သည်။

စစ်ရေးတင်းမာနေသော ကာလအတွင်း ခရီးသွားပြည်သူများအနေဖြင့် စစ်ရေးသတင်းနားစွင့်ရန်နှင့် လက်ကိုင်ဖုန်းအတွင်းမှ သတင်းအချက်အလက်များကို ရှင်းလင်းပြီးမှ ခရီးသွားလာကြရန် ထပ်မံ ပြောကြားထားသည်။

“မိဘပြည်သူလူထုတွေ အားလုံးကတော့ ကချင်ပြည်နယ်မှာ စစ်ရေးတင်းမာနေတဲ့အတွက် စစ်ရေးသတင်းတွေကိုတော့ အမြဲတမ်းနားထောင်ရမယ်၊ နားစွင့်ရမယ်၊ သတိနဲ့ သွားလာလှုပ်ရှားရမယ်။ ကိုင်ထားတဲ့ ဖုန်းတွေမှာ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ရုပ်ပုံတွေ အကြောင်းကိစ္စတွေကို ပါမသွားအောင်ပေါ့နော်” ဟု ဆိုသည်။

လက်နက်နှင့် ရိက္ခာတင်ဆောင်လာသည့် စစ်သင်္ဘော ၉ စီး ဗန်းမော်မြို့ထဲ ဆိုက်ကပ်ပြီးနောက် စစ်ကောင်စီယာဉ်တန်းများဖြင့် သွားလာလှုပ်ရှားနေသောကြောင့် ဩဂုတ်လ ၂၆ ရက်နေ့က စပြီး မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ လဆန်းပိုင်းက မြစ်ကြီနား-ဗန်းမော်လမ်းရှိ မလိယာန်ကျေးရွာက စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖားကန့်မြို့နယ်က ကသိုဏ်းတောင်စခန်းနှင့် SNA တပ်စခန်းတစ်ခုကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ