သစ်ခိုးထုတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ယင်းမာပင်မြို့နယ် ULF (မဟာမိတ်တပ်ပေါင်းစု)က သွားရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စည်သူသစ်ကွင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်မှုများရှိပြီး သေနတ်တစ်လက်နှင့် အခြားအသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ULFမှ တာဝန်ခံက The 74 Media ကိုပြောသည်။

“40 mm လောက်ပဲပစ်နိုင်တယ် အရင်ပစ်ပြီးဝင်တိုက်တာ တိုက်ပွဲမှာ သူတို့ဘက်ကတော့ ခုနှစ်ယောက်ထက်မနည်း သေဆုံးတာရှိတယ်။ သေဆုံးတယ်ဆိုတာက သူတို့လူ ပြန်ဆွဲသွားတာတွေ သွေးစတွေဘာတွေပေါ့။ မျက်မြင်တွေ့ရှိချက်အရ အတည်ပြုတာပါ” ဟုပြောသည်။

မိနစ်နှစ်ဆယ်ခန့်ကြာ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး MA 11 သေနတ်တစ်လက်၊ ကျည်ဘောက်သုံးခု၊ ကျည်ကာသုံးထည်၊ ဖုန်းသုံးလုံး၊ ဘေးလွယ်အိတ်တစ်လုံး၊ ပိုက်ဆံအိတ်နှင့် ရွှေထည်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သွားရောက်တိုက်ခိုက်ရာတွင် ULF တပ်ပေါင်းစု၊ Comrade စစ်ကြောင်း၊ KLG စစ်ကြောင်း၊ Alpha စစ်ကြောင်း၊ B 12 PDF တပ်ရင်း – ၁၇၊ PDA တပ်ရင်း – ၃၅၊ ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့၊ ချင်းတွင်း GZနှင့် သေမင်းတမန် LPDF တို့ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ နွားခြံကုန်းကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၀ ထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည် မေလ ၁၂ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးမြောက်ရွာတွင် နာရေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ခဲ့သောကြောင့် ခြောက်နှစ်ခန့်အရွယ်ရှိ မိန်းကလေးတစ်ဦးနှင့် ၁၄ နှစ်ခန့်အရွယ်ရှိ မိန်းကလေးတစ်ဦးသေဆုံးခဲ့သည်။

သတင်း – Dureng
ပုံ – Union Liberation Front – ULF V 02 FB page

သင့်ထင်မြင်ချက်ရေးပေးပါ