စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ယမန်နေ့ ည ၁၀ နာရီခန့်က မူဆယ်မြို့နယ်၊ နမ့်ပတီးကျေးရွာရှိ နေအိမ်တစ်လုံးနှင့် စက်ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာ အထက်တန်းကျောင်းအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ညနေ ငါးနာရီခန့်က TNLA တပ်က သွားရောက်ပစ်ခတ်ပြီးနောက် ညပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ကြောင်း နမ့်ကတ်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက The 74 Media  ကို ပြောသည်။

“စစ်တပ်က လက်နက်ကြီး ပစ်တော့ အဖိုးနဲ့အဖွားပဲနေတဲ့ အိမ်တစ်လုံး မီးလောင်သွားတယ်။ စက်ပစ္စည်းနဲ့ စပါးကျီ သုံးခု မီးထဲပါသွားတယ်။ လူထိခိုက်တာတော့ မရှိပါဘူး၊ ကြိုတင်ရှောင်ထားကြပြီဆိုတော့။ ဘေးအိမ်တွေလည်း ကျည်ထိတာတွေ မရှိဘူး” ဟု ပြောသည်။

လက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် တရုတ်ပေါင်မုန့်ကားတစ်စီး၊ ထော်လာဂျီတစ်စီး၊ လယ်ထွန်စက်၊ စပါးအိတ် ဆာလာအိတ် ၆၀ အိတ်နှင့် တရုတ်ငွေ ယွမ်သုံးသောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သူက ပြောသည်။

တိုက်ပွဲပြင်းထန်လာနိုင်သောကြောင့် စယ်လန့်၊ ဆိုင်းခေါင်နှင့် ကောင်ရာကျေးရွာရှိ အိမ်ခြေ ၆၀၀ ခန့်သည် ဩဂုတ်လ ၂၇ ရက်နေ့မှစပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း အသက် ၅၀ နှစ်အရွယ် မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီဘက်တိုက်ပွဲဖြစ်တာ ကြာပြီလေ။ အခုပြေးလာကြတဲ့သူတွေက တရုတ်၊ ပလောင်၊ ရှမ်းနဲ့ ကချင် အရမ်းများတယ်၊ အကုန်လုံး ရှောင်နေကြပြီ။ မနေ့က စပြီး ရှောင်နေကြတဲ့သူတွေလည်း အရမ်းများတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ စယ်လန့်ကျေးရွာအတွင်း အပြန်အလှန် ပစ်ခတ်မှုတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အလားတူ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာအတွင်း ယမန်နေ့က TNLA စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့်  စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်း ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းရှိ ဆရာမောင်မောင်သာဆိုသူ၏ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ