ယခင်နှစ်က ကြွက်ဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် ဆွမ်ပရာဘွမ်ဒေသခံများ ယခုနှစ်တွင်လည်း စပါးဖျက်ပိုးများကြောင့် တောင်ယာစပါးခင်း အများအပြားဆုံးရှုံးခဲ့ရကြောင်း သိရသည်။

သုံးလအရွယ် စပါးပင်များနှင့် စပါးနှံများကို ဖျက်ပိုးများက ဖျက်ဆီးခဲ့ခြင်းသောကြောင့် ယခုနှစ်တွင် ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စပါးခင်း ၇၀ ရာခိုင်နှုန်းခန့်ပျက်စီးသွားသည်ဟု ခကရန်းယန်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်အခြေအနေထိဆိုးလဲဆိုတော့ စပါးစိုက်ခင်းရဲ့ သုံးပုံနှစ်ပုံလောက်ကတော့ပျက်စီးနေပြီ။ ကျန်တဲ့ တစ်ပုံကလည်း ရိတ်သိမ်းတဲ့အချိန်ထိ ရှိချင်မှရှိမှာ။ ကျွန်တော်တို့ဘက်ကတော့ နည်းပညာပိုင်းလည်း အားနည်းတော့ အဲ့လိုပိုးမကျအောင် ကာကွယ်တာမျိုးတွေမရှိဘူးလေ။ အခုကစပါးနှံတွေလည်း စထွက်နေပြီ အခုမှကာကွယ်ဆေးတွေသုံးမယ်ဆိုတော့ ထင်သလောက်တော့အလုပ်ဖြစ်မယ်လို့မထင်ဘူး” ဟုပြောသည်။

အဆိုပါစပါးဖျက်ပိုးများသည် စပါးပင်များသာမက တောင်ယာခင်းတွင်စိုက်ပျိုးထားတော့ ပြောင်း၊ ပဲ၊ ငရုတ်သီးနှင့် ဟင်းသီးဟင်းရွယ်များကိုလည်း ဖျက်ဆီးနေကြောင်း သူကပြောသည်။

ဒေသခံပြည်သူတို့၏ စိုက်ပျိုးရေးလုပ်ငန်းများသည် နှစ်စဉ်ပိုးမွှားများ အန္တရယ်ကို ကြုံတွေ့နေရပြီး ယခုနှစ်တွင် စပါးပင်များအပြင် စပါးနှံများပါ ဖျက်ဆီးခံနေရခြင်းဖြစ်ကြောင်း ဆွမ်ပရာဘွမ်မြို့နေ ရပ်မိရပ်ဖတစ်ဦးကပြောသည်။

“အများဆုံးကတော့ စပါးပင်တွေကိုကိုက်စားတဲ့ ကြွက်တွေကပိုများတယ်။ ဒီနှစ်ကတော့ သီးနှံတွေကို ဖျက်ဆီးတဲ့ပိုးက ပိုများတယ်လို့တွေ့ရတယ်။ တောင်ယာတစ်ခင်းလုံးဖျက်ဆီးခံလိုက်ရတဲ့သူတွေရှိသလို တစ်ခြမ်းလောက်ပဲ ဖျက်ဆီးခံလိုက်ရတာတွေလည်းရှိတယ်။ အများဆုံးကတော့ နှံစုပ်ပိုးများပေမဲ့ အပင်ထဲမှာဝင်နေတဲ့ ပင်စည်ပိုးလည်းပါတယ်” ဟုပြောသည်။

ယခင်နှစ်ကလည်း ကြွက်ဘေးဒုက္ခကြောင့် စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး မိသားစုစားဝတ်နေရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းနေကြရဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။

“အခုကရှာဖွေစားသောက်ဖို့ကလည်းခက်၊ ကုန်ဈေးနှုန်းတွေကလည်းတက် မနှစ်တုန်းက ကြွက်ဘေးဒုက္ခ ကြုံရတဲ့သူတွေကတော့ အခုထိတော်တော်လေးဒုက္ခရောက်နေကြတယ်။ အခုချိန်ထိလည်းအားလုံးက ကိုယ်သိသလောက် တက်သလောက်နဲ့ တောတောင်ထဲဝင်ပြီးပိုက်ဆံတွေရှာ၊ ကြုံရာကျပန်းအလုပ်တွေလုပ်၊ ချောင်းတွေမြောင်းတွေမှာရွှေတွေတူးပြီးတော့ စားဝတ်နေရေးကိုဖြေရှင်းနေကြရပါတယ်” ဟုပြောသည်။

စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည့် ဆွမ်ပရာဘွမ်မြို့နယ်မှ ခကရန်းယန်ကျေးရွာနှင့် မိုင်ထောင်ကျေးရွာတို့က စပါးဖျက်ပိုးကျရောက်သည့် ဒဏ်ကို ခံနေရခြင်ဖြစ်သည်။

ဆွမ်ပရာဘွမ်မြို့နယ်သည် ၂၀၂၁ ခုနှစ်မှ စတင်ကာ ကြွက်ဘေးဒုက္ခကို ကြုံတွေ့နေရပြီး ၂၀၂၂ ဩဂုတ်လကလည်း ဆွမ်ပရာဘွမ်၊ လိုင်ဝါးယန်၊ ဆွပ်ခါး၊ ခကရန်ယန်၊ ဒရူးခ၊ ခဂါးယန်၊ မိုင်ထောင်၊ ဆူယန်၊ အင်ဂေါမ၊ ခင်ဒူကောင်၊ ပင်ဆောင်း၊ အင်တားဂလူစသောကျေးရွာများမှ သီးနှံများပျက်စီးခဲ့ကာ ရိတ်သိမ်းရန်မရှိအောင်ပင် ကြုံတွေ့ခဲ့ရသည်။

ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလကလည်း တစ်လက်မမှ နှစ်လက်မခန့် အရွယ်အစားရှိသော ကျိုင်းကောင်များက တောင်ယာစပါးနှင့် သီးပင်စားပင်များကို စားသောက်ဖျက်ဆီးခဲ့သောကြောင့် ဒေသခံပြည်သူများက လေးပုံတစ်ပုံခန့်သာ စပါးရိတ်သိမ်းနိုင်ခဲ့သည်။

၂၀၁၈ ခုနှစ်ကလည်း နောင်မွန်းမြို့နယ် ပန်နန်ဒင်းမြို့နယ်ခွဲရှိ ကျေးရွာ ၁၀ ရွာတွင် ကြွက်ဘေးဒုက္ခကြုံတွေ့ခဲ့ရသဖြင့် သီးနှံများ ပျက်စီးခဲ့ရကြောင်း သိရသည်။

သတင်း – Dureng

ပုံ – KSPVN

သင့်ထင်မြင်ချက်ရေးပေးပါ