ဒေသခံပြည်သူများ ရေကန်ပေါက်ကျမည်ကို စိုးရိမ်နေကြသည့် ဖားကန့်မြို့နယ်အတွင်းရှိ လုပ်ကွက်ဟောင်း ရေကန်တွင် ရွှေမျောတိုက်ခြင်းနှင့် ကျောက်စိမ်းတူးဖော်မှုများကို ရပ်တန့်ရန် စာကပ်ထားပြီး ကန်ရေဖောက်ထုတ်ရန်ဟုဆိုကာ တစ်လတိတိလုပ်ကွက်များကို နားခိုင်းထားကြောင်း သိရသည်။

မှော်ဝမ်းကြီးနှင့် မှော်ဝမ်းလေးကျေးရွာကြားရှိ ဧက ၄၀ ခန့်ရှိသော ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်း ရေကန်မှရေများကိုဖောက်ထုတ်ရန် ဒိုင်ချန်(မြေနံရံ)ကို ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ ဘက်ဟိုးနှစ်စီးဖြင့် ဖောက်ထားသည်ဟု အသက် ၂၈ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကုမ္ပဏီကတော့ လာလုပ်ပေးတယ် ဒီကန်ကြီးရေကျဖို့ဆိုတာ မလွယ်ဘူး။ ကမ်ပါးနားကကျင်းတွေကိုတော့ ကျောက်မတူးဖို့ တစ်လတိတိနားခိုင်းထားတယ်။ လွတ်မယ်လို့ထင်တဲ့နေရာတွေကတော့ ဆက်ပြီးတူးနေတုန်းပဲ” ဟုပြောသည်။

ဧက ၄၀ ခန့်ရှိသော လုပ်ကွက်ဟောင်းရေကန်မှ ရေကို ရှစ်လက်မခန့် အရွယ်အစားရှိ ပိုက်နှစ်ခုဖြင့် ထုတ်နေခြင်းဖြစ်ပြီး ဩဂုတ်လ ၁၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဆယ်ရက်အတွင်း ရေငါးပေခန့် လျော့နည်းသွားကြောင်း သူကပြောသည်။

လက်ရှိအချိန်တွင် အဆိုပါပိုက်သွယ်တန်းခဲ့သောနေရာကို ကန်ရေမျက်နှာပြင်နှင့် တပြေညီအထိ အင်္ဂလိပ်စာလုံး ယူ(U) ပုံသဏ္ဍာန်ဖောက်လုပ်ထားကာ ရေမြောင်းဖြင့် ရေထုတ်နေသော်လည်း ရေအနည်းငယ်ခန့်သာ စီးကျနေခြင်းဖြစ်ကြောင်း သိရသည်။

ရေထုတ်ယူနေသော လုပ်ငန်းများကို လက်ရှိအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း မော်မောင်းလယန်ကျေးရွာနေ အသက် (၄၅) နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရေက ပြန်ပြည့်လာပြီ။ ရေဖောက်ထုတ်တာကလည်း နည်းတယ်ဗျ။ လူကြီးပိုင်းတွေက ဘယ်လိုစီစဥ်ထားကြတာလည်းတော့ မသိဘူး။ ရေတော့နေတိုင်းထုတ်နေတာတွေ့တယ်” ဟုပြောသည်။

ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်းရေကန်မှစီးထွက်လာသော ရေများမှာ မော်မောင်းလယန်ရေကန်သို့ ဝင်ရောက်ပြီး ထိုမှတစ်ဆင့် အေးမြသာယာကျေးရွာအုပ်စုအနီးရှိရေကန်သို့လည်း မြောင်းငယ်တစ်ခုဖြင့် ရေများထုတ်နေခြင်းဖြစ်သည်။

လွန်ခဲ့သော ငါးနှစ်ခန့်က ကျောက်စိမ်းတောင်ကုမ္ပဏီက ကျောက်စိမ်းတူးဖော်ခဲ့ရာ ပေ ၄၀၀ ခန့်အနက်ရှိသည့် ရေကန်ဖြစ်ပေါ်လာပြီး မိုးရွာသွန်းခြင်းနှင့် ရွှေမျောတိုက်ခြင်းတို့ကြောင့် ရေမျက်နှာပြင်မှာ နေ့စဉ် နှစ်ပေမှ သုံးပေခန့်အထိ မြင့်တက်နေကြောင်း ဒေသခံများထံက သိရသည်။

ဖားကန့်တွင် ယခုကဲ့သို့ ရေကန်များ အလွန်များပြားပြီး ရွှေ၊ ကျောက်တူးဖော်သော လုပ်ကွက်မြေစာပုံများ မြေပြို၊ ကျင်းပြိုကာ နှစ်စဉ် လူအသေအပျောက်များ ရှိနေပြီး ၂၀၂၀ ခုနှစ် မြေစာပြိုကျမှုကြောင့် လူပေါင်းရာနှင့်ချီသေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့ကလည်း မနကျေးရွာတွင် မြေစာပြိုကျသောကြောင့် ရေမဆေးကျောက်ရှာဖွေသူများ သေဆုံးခဲ့ပြီး ၃၃ ဦး၏ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ