စစ်ကောင်စီစစ်ကြောင်းက နန့်ယားကျေးရွာမှ လူသားဒိုင်းကာအဖြစ် ဖမ်ဆီးခေါ်ဆောင်သွားသော ပြည်သူများအားလုံး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၂၈ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း ဖားကန့်မြို့နယ် နန့်တိန်ကျေးရွာအရောက်တွင် အရပ်သားပြည်သူ ၃၂ ဦးလုံး ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု နန့်ယားဒေသခံအမျိုးသား တစ်ဦးက The 74 Media ကိုပြောသည်။

“နန့်တိန်ရွာရောက်တာနဲ့ အကုန်လုံးကို ပြန်လွတ်ပေးလိုက်တာတဲ့။ နန့်ယားကို ခရီးသည်ကားတွေနဲ့ ပြန်ရောက်လာကြတာ။ ကျောင်းသားနှစ်ယောက်လည်း လွတ်လာပြီ။ အကုန်လုံးက တိုက်ပွဲနဲ့လည်း ရင်ဆိုင်ခဲ့ကြရတော့ ပျော့ဖတ်ပြီးပြန်ရောက်လာကြတာ” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းကာများဖြင့် စစ်ကြောင်းထိုးနေစဉ် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း သူကဆက်ပြောသည်။

ပြန်လည်လွတ်မြောက်လာသူများ အားလုံးနေရပ်သို့ပြန်သွားပြီဖြစ်ကြောင်း နန့်ယားကျေးရွာမှ ဘာသာရေးဆရာတစ်ဦးက The 74 Media ကိုပြောသည်။

“ရှရော်ခက ဘာသာရေးဆရာနဲ့ အင်ဂျင်နီယာတွေ ပြည်သူတွေအာကုန်လုံးပြန်လွတ်လာကြပြီ။ အခုတော့ သူတို့တွေ နေရပ်ကိုပြန်သွားကြပြီ” ဟု ပြောသည်။

အဆိုပါစစ်ကြောင်းက ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားသည့် လေးရက်အတွင်း မုန့်နှင့် ခေါက်ဆွဲခြောက်ကိုသာ ကျွေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသူများမှာ ဘာသာရေးဆရာတစ်ဦး၊ ကျောင်းသားနှစ်ဦး၊ ဘုရားကျောင်းဆောက်လုပ်ရေးမှ အင်ဂျင်နီယာနှင့် နန့်ယားကျေးရွာ၊ ကပ်မှော်ဇွပ်ကျေးရွာ၊ ဆိုင်းဖရာကျေးရွာတို့မှ ဒေသခံပြည်သူများ ပါဝင်သည်။

အဆိုပါပြည်သူများကို စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံခြေမြန်တပ်ရင်း (ခမရ ၁၂) စစ်ကြောင်းက ဩဂုတ်လ ၂၄ ရက်နေ့က လက်နက်ခဲယမ်းနှင့် ရိက္ခာများသယ်ဆောင်ရန် ဒေသခံ အယောက် ၂၀ ခန့်ပေးရန်တောင်းရာမှ ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဖားကန့်မြို့နယ်သို့ စစ်ကြောင်းထိုးလာသောအဆိုပါစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဩဂုတ်လ ၂၂ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကြောင့် ဒေသခံပြည်သူအမျိုးသမီးတစ်ဦး ပေါင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲကြောင့် ဩဂုတ်လ ၂၃ ရက်နေ့က ကာမိုင်း – ဖားကန့်လမ်းပိုင်းကို KIA က ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့သဖြင့် နန့်ယားကျေးရွာတွင် ခရီးသွားပြည်သူ ၁၀၀၀ ခန့်နှင့် ကားအစီးရေ ၃၀၀ ထက်မနည်းပိတ်မိခဲ့သည်။

ဖားကန့်မြို့နယ်ရှိ ပျားအုံကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီခန့်ကလည်း ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း – HN

သင့်ထင်မြင်ချက်ရေးပေးပါ