မူဆယ်မြို့၊ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်း ယနေ့ မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့အချင်းချင်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ လာရှိုးမြို့အထွက်ရှိ စစ်ဆေးရေးဂိတ်တွင် ဂိတ်စောင့်နေသူအချင်းချင်း စကားများရန်ဖြစ်ရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း အသက် ၅၀ နှစ်ခန့်အရွယ် မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“လုံထန်ပြည်သူ့စစ်နဲ့ စစ်တပ်ဖက်က စကားများကြပြီး စစ်တပ်ဖက်က အရင်ပစ်လိုက်တော့ ပြည်သူ့စစ် တစ်ယောက်ကို ပစ်သတ်လိုက်တယ်ဆိုပြီး ပြည်သူ့စစ်က ပြန်ပစ်တာ” ဟု ပြောသည်။

စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်သေဆုံးခဲ့သူများသည် အဆိုပါ ဂိတ်တွင် အတူတကွနေထိုင်သူများ ဖြစ်ပြီး ရုပ်အလောင်းများကို စစ်ကောင်စီတပ်က လာရောက်သယ်ဆောင်သွားကြောင်း ၁၀၅ မိုင်မှ အသက် ၄၇ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ်နဲ့ ပြည်သူ့စစ်တွေ ပစ်ကြတာ၊ သုံးယောက်သေတယ်လို့ ကြားတယ်၊ အလောင်းကိုတော့ စစ်တပ်ကပဲ လာသယ်သွားတာ၊ ဘယ်ဖက် သယ်သွားလဲတော့ မသိဘူး” ဟုပြောသည်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး နှင့် လုံထန်ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး ၎င်းတို့၏ အမည်ကိုမူ မသိရှိရသေးပါ။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်သူကို အမည်မသိအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် မူဆယ်မြို့၊ စက်မှုရပ်ကွက်၊ ထွယ်ပန်းခြံအနီးတွင် ဖြစ်ပွားခဲ့သည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ