စစ်လက်နက် ရိက္ခာများတင်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းက ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် မိုးမောက်မြို့နယ်မှ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ဆယ်လုံးထက်မနည်း ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

တာပိန်မြစ်ကူးတံတားအကျော် မြို့သစ်ကျေးရွာမှ နွမ်လန်းကျေးရွာသို့ သွားရာလမ်းတစ်လျှောက်ရှိ နေအိမ်များကို နံနက် ၁ နာရီခန့်မှစတင်ကာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တံတားထိပ်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း လက်နက်ကြီးပစ်ခတ်ခဲ့သည်ဟု မြို့သစ်ကျေးရွာဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သေနတ်သံ မိုင်းသံတွေကြားတော့ လန့်နိုးခဲ့တာ၊ ခဏနေတော့ တစ်စီးပြီး တစ်စီးဖြတ်သွားတဲ့ အသံတွေကြားရတယ်။ သေနတ်သံ မိုင်းသံတွေဆူညံသွားတာပဲ အိမ်ရှေ့နားလောက်မှာ မိုင်းသံအကျယ်ကြီးကြားလိုက်ရတဲ့အချိန် ခေါင်မိုးတွေပေါ် မိုင်းစတွေစင်ခဲ့တာ ကြားရတယ်” ဟုပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် စီဟက်ကျေးရွာမှ ကလေးငယ်တစ်ဦး ခြေထောက်တွင် မှန်စများထိမှန်သည့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗန်းမော် – မြစ်ကြီးနားလမ်းအတိုင်း ထွက်ခွာလာသည့် အဆိုပါစစ်ကောင်စီယာဉ်တန်းတွင် တင့်ကားများလည်းပါဝင်ကြောင်းသိရပြီး ရှေ့ပြေးအဖြစ် ဆိုင်ကယ် ၁၅ စီးခန့်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦကပြောသည်။

“ဆိုင်ကယ်ကနေ အရှေ့ကပစ်ပြီး အနောက်က ကားတွေလိုက်တာ။ မနက်ကျတော့ လမ်းမှာ ကျည်ခွံတွေ တောက်လျှောက်ပဲ မြင်တဲ့သူတွေပြောတာ တင့်ကားတွေလည်းပါတယ်တဲ့။ မြန်တော့မြန်တယ် မောင်းတာ။ သူတို့က အမြင်မခံနိုင်တော့ဘူး လူတွေကြည့်မှာစိုးလို့နေမှာ။ အမြဲတမ်းလည်းဖြတ်တယ် ညကို အဲ့တုန်းကမပစ်ဘူး” ဟုပြောသည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့ အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ဒေသခံပြည်သူများက တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်ရှိ မအူပင်ကျေးရွာတွင် ယမန်နေ့ကလည်း စစ်အင်အားနှင့် လက်နက်ရိက္ခာများ တင်ဆောင်လာသည့် ယာဉ်တန်းကို လုံခြုံရေးပေးရန် ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ် (KIA) တို့က ကြားဖြတ်တိုက်ခိုက်သည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးတပ် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးသို့ အင်အားဖြည့်တင်းမှုများဆက်တိုက်ပြုလုပ်နေပြီး နမ်ဆန်ယန်ကျေးရွာအနီးရှိ အောင်ဂျာကျေးရွာကိုလည်း ယမန်နေ့က စစ်ကောင်စီတပ်က တိုက်လေယာဉ်သုံးစီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလအတွင်းကလည်း မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ ကုန်းလောနှင့် စီဟတ် ကျေးရွာများတွင် ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ရဟတ်ယာဉ်၊ တိုက်လေယာဉ်နှင့် တင့်ကားများ အသုံးပြုကာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့သည်။

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီး မြို့သစ်ကျေးရွာ ဘုန်းကြီးကျောင်းဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ကလည်း ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Thu Ta
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ