ဖားကန့်မြို့ မှော်ဝမ်းကျေးရွာတွင် ယနေ့နံနက် ၈ နာရီခန့်က လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ ယောက်ျားဖြစ်သူက ဇနီးဖြစ်သူကို ဓားဖြင့်အချက်များစွာထိုးသတ်ခဲ့ကြောင်း သိရသည်။

ကိုထွန်းမင်းဆိုသူက ဓားမြောင်ဖြင့် သေဆုံးသူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် အချက်ရေ ၂၀ ထက်မနည်း ဓားဖြင့်ထိုးကာသတ်ခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့နှစ်ယောက်က ကွဲထားပြီးပြီ၊ ယောက်ကျားဖြစ်တဲ့သူက မနေနိုင်မထိုင်နိုင် လာပေါင်းဖို့ပြောနေတာလို့ သိရတယ်။ ဟိုက လုံးဝမပေါင်းနိုင်ဘူးဆိုလို့ အခုလိုသတ်လိုက်တာ” ဟုပြောသည်။

လူသတ်မှုကျူးလွန်ခဲ့သည့် ကိုထွန်းမင်းဆိုသူမှာ လက်ရှိအချိန်တွင် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း အသက် ၅၁ နှစ်ခန့်အရွယ်ရှိ ရှရော်ခရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

“မငယ်လေး သနားပါတယ်။ ဟိုကောင်ကလည်း အိမ်ထောင်ရှိရက်နဲ့ ခုလိုလုပ်ရက်တယ်။ လူသတ်ကောင်က ထွက်ပြေးနေတုန်း မမိသေးဘူး” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ မအငယ်လေးဆိုသူဖြစ်ပြီး ရုပ်အလောင်းကို မွန်းလွှဲ သုံးနာရီခန့်က သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ဖားကန့်မြို့ ဝှေခါကျေးရွာတွင် အသက် ၂၂ နှစ်ခန့်အရွယ်ရှိ မကေသွယ်ဦးဆိုသူ လည်ပင်းနားတစ်ဝိုက်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ