စစ်ကောင်စီတပ်၏ စစ်ကြောရေးတွင် သေဆုံးခဲ့သည့် မိုးကောင်းမြို့မှ ဦးဝဘော်ဂျိုးဆပ်တန်ဂွန်း၏ ရုပ်အလောင်းကို ပြန်မပေးကြောင်းသိရသည်။

နတ်ကြီးကုန်း ပျော်လင့်ရပ်ကွက်တွင်နေထိုင်သည့် ဦးဝဘော်ဂျိုးဆပ်တန်ဂွန်း၏ ရုပ်အလောင်းကို မိသားစုဝင်များက စစ်ဆေးရုံ ရေခဲတိုက်တွင်သာ ကြည့်ခွင့်ရခဲ့ပြီးနောက် ရုပ်အလောင်းတောင်းချိန် သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း ပြန်ပြောခဲ့သည်ဟု ကျေးရွာမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့က အလောင်းတောင်းတာ မရတော့ မီးရှို့သင်္ဂြိုဟ်လိုက်ပြီးထင်လို့ ပြာအိုးတောင်းတော့လဲ မရှိတော့ဘူး၊ မြေမြုပ်လိုက်ပြီလို့ပြန်ပြောတယ်” ဟု သူကပြောသည်။

စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၇၄) မှ တပ်ရင်းမှူးက နာရေးပြုလုပ်ရန်အတွက်ဟုဆိုကာ သေဆုံးသူ၏ အမျိုးသမီးဖြစ်သူကို ငွေကျပ်ငါးသိန်းထုတ်ပေးခဲ့ကြောင်း သူကဆက်ပြောသည်။

“မိန်းမဖြစ်သူကို တပ်ရင်းမှူးကြီးက နာရေးသွားလုပ်ကြ၊ ဆုသွားတောင်းကြပါဆိုပြီး ငွေငါးသိန်းပေးတာကို မိန်းမဖြစ်သူက မယူရဲလို့ ဆရာတစ်ယောက်ကို လက်ခံပေးပါဆိုပြီး ပေးလိုက်တယ်” ဟုပြောသည်။

သေဆုံးသူနှင့်အတူ ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့ကို ဩဂုတ်လ ၂၅ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုစွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး အာမခံဖြင့်ပြန်လွတ်ပေးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဆုတောင်းနေတဲ့ချိန်မှာ ဖုန်းဝင်လာတာ။ မိန်းမဖြစ်သူနဲ့ သားဖြစ်သူကို ပြန်လွတ်ပေးဖို့ အာမခံ လက်မှတ်လာထိုးပေးပါအုံးဆိုပြီး ပြောလာတာ” ဟု ပြောသည်။

အသက် ၄၇ နှစ်ခန့်အရွယ်ရှိ ဦးဝဘော်ဂျိုးဆပ်တန်ဂွန်းမှာ စစ်ကြောရေးတွင် ရိုက်နှက်နှိပ်စက်ခံရသောကြောင့် မျက်နှာနှင့်ခန္ဓာကိုယ်တစ်ခုလုံးတွင် ညိုမဲစွဲဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး သားဖြစ်သူ မောင်ဝဘော်နော်နော်လည်း ရိုက်နှက်ခြိမ်းခြောက်ခံခဲ့ရကြောင်း သိရသည်။

အသင်းတော်တွင်သာ ပါဝင်ဆက်ကပ်နေသော မိသားစုဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု သတင်းပေးတိုင်တန်းခံရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဘာလုပ်တာမှမတွေ့ဘူး၊ အသင်းတော်ထဲမှာ ပါဝင်ဆက်ကပ်တာကလွှဲပြီး တခြားဘာအချိတ်အဆက်လဲ မရှိဘူး မတွေ့ဘူး။ ဒါကိုမသေချာမရေရာဘဲ အခုလိုတိုင်ပြီး အခုလိုလုပ်တာကတော့ စိတ်မကောင်းပါဘူး” ဟုပြောသည်။

သေဆုံးသူနှင့် မိသားစုဝင်များကို ဩဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်း ၄ နာရီခန့်က နတ်ကြီးကုန်း ပျော်လင့်ရပ်ကွက်ရှိ နေအိမ်မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဇနီးနှင့်သားဖြစ်သူကို ဩဂုတ် ၂၇ ရက်နေ့က ပြန်လွတ်ပေးခဲ့သည်။

မိုးကောင်းမြို့ အထက်တန်းကျောင်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးပစ်သတ်ခံခဲ့ရပြီးနောက် မိုးကောင်းမြို့ တွင်းရှိ ဒေသခံအရပ်သားပြည်သူ ၃၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့တွင် မိုးကောင်းမြို့ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် စစ်ကောင်စီကားတစ်စီး ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့သည်။

သတင်း – HN

သင့်ထင်မြင်ချက်ရေးပေးပါ