အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးသော်လည်း လုံလောက်မှုမရှိသောကြောင့် တနိုင်းဒေသခံများ အခကြေးငွေပေးကာ ဖုန်းအားသွင်းနေကြရကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် သုံးရက်လျင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် တစ်နာရီခန့်သာ မီးရရှိနေသောကြောင့် ကျပ်ထောင်ဂဏန်းပေးကာ ဆိုင်များတွင်သွားရောက်အားသွင်းယူနေရသည်ဟု ဟူးကောင်းရပ်ကွက်နေ အိမ်ထောင်ရှင်မတစ်ဦးက The 74 Media ကို ပြောသည်။

“ဖုန်းကတော့ သူများ မီးစက်နှိုးတဲ့နေရာမှာ နှစ်ထောင်၊ သုံးထောင်ပေးပြီ ပါဝါဘန့် (power bank) အားသွင်းနေရတယ်။ ကိုးနာရီထိုးခါနီးလေးမှလာပြီး ၁၀ နာရီထိုးခါနီးဆိုပြန်ပျက်ပြီ။ ရပ်ကွက်တစ်ခုနဲ့တစ်ခု မီးလာတာ မတူဘူး အလှည့်ကျလာတယ်” ဟုပြောသည်။

လျှပ်စစ်ဓာတ်အားသွင်းယူနိုင်သည့် ဆိုင်များတွင် ဖုန်းတစ်လုံးလျှင် ငါးရာကျပ်နှင့် ပါဝါဘန့် (power bank) ဓာတ်အားအလိုက် တစ်ထောင်ကျပ်မှ ငါးထောင်ကျပ်အထိ ပေးရကြောင်း သိရသည်။

မီးပုံမှန်မရရှိသည့်အပြင် မီးအားနည်းသောကြောင့် ကင်ဆားရာရပ်ကွက်တွင် ဖုန်းအားသွင်းသောဆိုင် လေးဆိုင်ရှိပြီး အခြားရပ်ကွက်များတွင်လည်း ဆိုင်အသစ်များ ဖွင့်လှစ်လာကြောင်း ဘာသာရေးဆရာတစ်ဦးက ပြောသည်။

“မီးလာတဲ့အချိန် မီးအားမနိုင်တော့ အားသွင်းလို့မရတော့ဘူး။ ရပ်ကွက်တိုင်းမှာ ဖုန်းနဲ့ ပါဝါဘန့် အားသွင်းလို့ရတဲ့ဆိုင် ပိုများလာတယ်။ အခုနောက်ပိုင်း တကူးတကအသစ်ဖွင့်လာကြတာ။ အရင်က ဖုန်းအားသွင်းလို့မရတဲ့ ဖုန်းပြင်ဆိုင်တွေတောင် အားသွင်းစားတဲ့ဆိုင် ဖြစ်နေပြီ” ဟုပြောသည်။

မီတာဘောက်ရှိသော အိမ်များပင် မီးပုံမှန်မရရှိခြင်း၊ မီးအားနည်းခြင်းတို့ကြောင့်ဟုဆိုကာ မီးလင်းရေးကော်မတီက တနိုင်းမြို့ မနောကွင်းအနောက်ဘက်ရှိ နေအိမ်များကို မီတာဘောက်အသစ်တပ်ဆင်ပေးခြင်းမရှိကြောင်း အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီဖက်မှာက မိန်းလမ်းတစ်လျှောက်က အိမ်တွေပဲ မီးရတယ်။ အနောက်ဖက်ခြမ်းကတော့မရတဲ့အိမ် ရာချီရှိတယ်။ မီတာဘောက်လျှောက်ရင်လည်း မရဘူး။ မီတာဘောက်ရှိတဲ့ သူတွေကိုတောင် မီးအားမနိုင်လို့ မီးမပေးနိုင်ဘူးတဲ့။ ဆိုလာ ဘက်ထရီနဲ့ အားသွင်းတယ်၊ မိုးရွာ၊ မိုးအုံ့ရင်တော့ မီးမထွန်းနိုင်တော့ အမှောင်ကမ္ဘာလိုမှာနေနေရတယ်” ဟုပြောသည်။

 

တနိုင်းမြို့နယ်သည် သဘာဝသယံဇာတပေါများသောဒေသဖြစ်သော်လည်း ယခင်အစိုးရအဆက်ဆက်က စီမံခန့်ခွဲမှုညံ့ဖျင်းသောကြောင့် ဒေသခံများက ဆင်းရဲမွဲတေနေရဆဲဖြစ်သည်ဟု ကချင်ဒေသခံနိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုသည်။

“တနိုင်းဒေသခံတွေ ပိုက်ဆံပေးဖုန်းအားသွင်းရတယ်ဆိုတာ ရင်နာဖို့ကောင်းတယ်။ ဘာလို့ဆို ဒီဒေသမှာ ရွှေနဲ့ပယင်းတွေ နှစ်ချီထုတ်တယ်၊ သစ်နဲ့ကြိမ်လည်း ကုန်တဲ့အထိထုတ်တယ်။ ဒေသခံကချင်တွေဆို နှစ်ပေါင်းများစွာဖိနှိပ်မှုကြောင့် ဆင်းရဲပြီးရင် ဆင်းရဲပဲ။ ဒါက ဘာကိုပြသလဲဆိုရင် ခေတ်အဆက်ဆက်အစိုးရရဲ့ အသုံးမကျမှုတွေကို ပြတယ်။ စစ်တပ်ရဲ့ ဖိနှိပ်မှုနောက်ဆက်တွဲပဲ”

တနိုင်းဒေသတွင် ယခင်က ကချင်၊ ချင်း၊ နာဂနှင့် ရှမ်းအချို့ရှိသော်လည်း ၂၀၀၀ ခုနှစ်နောက်ပိုင်း စစ်တပ်၏ ဖိနှိပ်မှု၊ လူမျိုးကြီးဝါဒကိုင်ဆွဲမှုကြောင့် ဒေသတွင်းလူဦးရေအချိုးအစားလုံးဝပြောင်းလဲသွားသည်ဟု သူက ဆက်ပြောသည်။

တနိုင်းခရိုင်တွင် တနိုင်းမြို့နယ်နှင့် ရှင်ဗွေယန်မြို့နယ်ခွဲပါရှိပြီး တနိုင်းမြို့တွင် ရပ်ကွက် ၇ ခု၊ ရှင်ဗွေယန်မြို့တွင် ရပ်ကွက်လေးခု၊ ကျေးရွာ ၂၇ ရွာနှင့် ကျေးရွာအုပ်စု ၁၀ ခုဖြင့် ဖွဲ့စည်းထားသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ တနိုင်းမြို့တွင် အိမ်ခြေ လေးထောင်ခန့်နှင့် လူဦးရေ သုံးသောင်းကျော်နေထိုင်သည်။

သတင်း – Pan Soon

ဓာတ်ပုံ – တနိုင်းမြို့တွင် ဖုန်းအားသွင်းသည့် ဆိုင်တစ်ခုကို တွေ့ရစဉ်

သင့်ထင်မြင်ချက်ရေးပေးပါ