စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှ နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

မန္တလေးမှ ဗန်းမော်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောများ စင်းခန်းကျေးရွာအနီးရောက်ရှိခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့မှစတင်ကာ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် မြလယ်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အားလုံးမြလယ်ကကြီးပဲ လက်နက်ကြီးမှန်သွားတာ လေးအိမ်။ မီးလောင်တာက ၁၄ အိမ်။ ကောင်းတုံကျတော့ တိုက်အိမ်တစ်အိမ်၊ လက်နက်ကြီး နှစ်လုံးကို ဆက်တိုက်ထိတာ အဲ့တာအိမ်ပြိုသွားတယ်။ ဇင်းပုံက ၂၅ အိမ်မီးရှို့ဖျက်ဆီးခံရတာ” ဟုပြောသည်။

ဒေသခံပြည်သူများက စစ်ကောင်စီသင်္ဘောများ မရောက်မှီ ကျေးရွာနှင့် ၃၅ မိုင်ခန့်ကွာဝေးသည့် ဗန်းမော်မြို့အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး စစ်ကောင်စီသင်္ဘောများ စုန်ဆင်းပြီးမှ နေရပ်ပြန်မည်ဖြစ်ကြောင်း စင်းခန်းကျေးရွာဒေသခံကပြောသည်။

“တချို့က အိမ်မရှိတော့ ပြန်လာဖို့ ခက်နေတာပေါ့။ အခုဒီသင်္ဘောတွေက မစုန်သေးတဲ့အခါကျတော့ ပြန်လာဖို့ ခက်နေတာပေါ့။ တစ်ချို့ကျတော့ သင်္ဘောတွေစုန်ပြီးမှ ပြန်လာမယ့် အနေအထားရှိတယ်။ သင်္ဘောတွေ မစုန်မချင်းက KIA တွေ PDF တွေ ပြန်ရောက်လာရင် တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်လို့ သူတို့ကမပြန်သေးတာ” ဟုပြောသည်။

သင်္ဘောဆန်တက်လာချိန် ဧရာဝတီမြစ်ကမ်းနဘေးရှိ စင်းခန်းကျေးရွာ၊ မြလယ်ကျေးရွာ၊ ဘူးတောင်ကျေးရွာနှင့် ကောင်းတုံကျေးရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဒေသခံအချို့သာ နေရပ်တွင် ပြန်လည်နေထိုင်ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ မည်သည့် တပ်ရင်းတပ်ဖွဲ့က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ကို သိရှိနိုင်ရန် The 74 Media က ဆက်လက်စုံစမ်းစစ်ဆေးနေသည်။

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းက စတင်ထွက်ခွာလာသော ရိက္ခာနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်လာသည့် စစ်ကောင်စီ သင်္ဘောကိုးစီးသည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းများ အကြိမ်ကြိမ်ခံခဲ့ရပြီးနောက် ဩဂုတ် ၁၉ ရက်နေ့ ညနေပိုင်းက ဗန်းမော်မြို့သို့ရောက်ရှိခဲ့သည်။

Institute for Strategy and Policy -Myanmar ၏ ထုတ်ပြန်ချက်ရ ပြီးခဲ့သည့် ခြောက်လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတစ်ဝန်းရှိ နေအိမ်၊ အဆောက်အအုံပေါင်း ၂၄၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

သတင်း – Thu Ta
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ