အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်သင်တန်းဆင်းလာသော ပျူစောထီးတပ်ဖွဲ့ဝင် ၁၄ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီသို့ လုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ရန်ဟုဆိုကာ ရောက်လာသူ ၁၄ ဦးကို ယမန်နေ့က လမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေစဉ် စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု chindwin Galone Yarzar Guerrilla Defense Force (CGYDF) မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ပြည်သူ့စစ်စာရွက်စာတမ်းတွေတွေ့တော့မှ ပျူတွေဆိုတာ သိရတော့တယ်။ လစာသုံးသိန်းရမယ်ဆိုလို့တဲ့ ပြည်သူ့စစ်နဲ့ စစ်မှုထမ်းဟောင်းသားသမီးတွေကို အလုပ်ပေး၊ သင်တန်းပေးပြီး လက်နက်ကိုင်ခိုင်းနေတာ။ လက်နက်ကတော့ အထဲ(ဝမ်ပေါင်ကုမဏီ)ရောက်မှ တပ်ဆင်ပေးမှာ” ဟုပြောသည်။

လက်ရှိ ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်နှင့် ပြည်သူ့စစ် စုစုပေါင်း အင်အား ၂၀၀ ခန့်ရှိပြီး အဆိုပါဖမ်းဆီးခံရသူများ၏ ရှေ့တွင်လည်း ရောက်ရှိသွားသူများရှိပြီး နောက်ထပ် အင်အားဖြည့်တင်းမှုများလည်း ပြုလုပ်ရန်ရှိသည်ဟု ထွက်ဆိုချက်များအရ သိရကြောင်း သူကဆက်ပြောသည်။

အဆိုပါ ၁၄ ဦးကို တရားဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်နိုင်ရန် ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသူ ၁၄ ဦးမှာ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှ ဒေသခံများဖြစ်ပြီး အသက် ၄၀ ကျော်ခန့်အရွယ် အမျိုးသားနှစ်ဦးပါဝင်ကာ ကျန်သူများမှာ အသက် ၂၀ ကျော်အရွယ်များဖြစ်သည်။

ဝမ်ပေါင်ကုမ္ပဏီတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ ရဲတပ်သားတစ်ဦး ယမန်နေ့က ဆားလင်းကြီးမြို့နယ် သမန်းကျားတပ်ဖွဲ့ထံ လက်နက်နှင့်အတူ CDM ဝင်ရောက်ခဲ့သည်။

သတင်း – Dureng
ပုံ – Chindwin Galone Yarzar Gurrilla Defense Force FB page

သင့်ထင်မြင်ချက်ရေးပေးပါ