တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူအချို့ကို ယမန်နေ့ည ၈ နာရီခန့်က စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

လက်နက်ခဲယမ်းနှင့် ရိက္ခာများသယ်ဆောင်ရန် ဒေသခံ အယောက် ၂၀ ခန့်ပေးရန်တောင်းရာမှ ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အသက် (၅၅) နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“လာမဖမ်းခင် ကျေးရွာက ရပ်မိရပ်ဖတွေကို အရင်လာပြောတယ်။ ရွာသားအယောက် ၂၀ လောက် လာတောင်းတာပေါ့။ စစ်ပစ္စည်းတွေ သယ်ခိုင်းဖို့ဖြစ်မှာပါ။ လူမလွတ်ပေးတော့ အခုလိုလာဖမ်းတာ” ဟုပြောသည်။

နေအိမ်နှင့် ဘုရားကျောင်းများတွင် ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့နံနက် ၄ နာရီခန့်က လက်နက်ကြီး ပစ်ခတ်သံများကြားခဲ့ရကြောင်း နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် ယာဉ်မောင်းတစ်ဦးကပြောသည်။

“ဖမ်းသွားတဲ့သူတွေကို ဒီမနက်ထိမလွတ်ပေးသေးဘူး။ ရွာထဲအထိဝင်ဖမ်းတာဗျ ဘုရားကျောင်းထဲက လူတွေကိုပါမချန် အကုန်ဝင်ဖမ်းတာ။ ဖမ်းခံရတာတဲ့ထဲ ကချင်လူမျိုးတွေပိုများတယ် လို့ကြားတယ်။ ကျွန်တော်တို့လည် ကားကိုထားခဲ့ပြီး ပုန်းနေကြရတယ်” ဟုသူကပြောသည်။

ဖမ်းဆီးခံရသူများတွင် ဘာသာရေးဆရာတစ်ဦးအပါအဝင် ဘုရားကျောင်းအတွင်း စစ်ရှောင်နေသူများနှင့် လာရောက်တည်းခိုနေသူများပါဝင်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တွေ့တာတွေကိုခေါ်၊ အိမ်ထဲတွေဝင်ခေါ် ကားသမားနဲ့ ခရီးသည်တချို့ပါတယ်။ ရွာသားတချို့ပါသွားတယ်။ ဘုရားကျောင်းလည်း သော့ခတ်ထားလည်း ဝင်ပြီး စစ်ရှောင်နေနေတဲ့သူတွေနဲ့ လာတည်းနေတဲ့ခရီးသည် ငါးယောက်ကိုခေါ်သွားတယ်။ တောင်းတာ ၂၀ ဆိုတော့ အနည်းဆုံး ၂၀၊ ၃၀ လောက်ခေါ်သွားမယ်လို့ထင်တယ်” ဟုပြောသည်။

ကာမိုင်း – ဖားကန့်လမ်း ပိတ်ထားသောကြောင့် လူစုထားသကဲ့သို့ ဖြစ်နေသဖြင့် ဝင်ရောက်ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း သူကပြောသည်။

အမျိုးသားများဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရပြီး KBC နှစ်ခြင်းအသင်းတော်ရုံး ဆောက်လုပ်ပေးနေသော အင်ဂျင်နီယာနှင့် သုံးဦး၊ ဘာသာရေးဆရာတစ်ဦး ပါဝင်ကြောင်းအတည်ပြုနိုင်သော်လည်း လူမှုကွန်ရက်စာမျက်နှာများနှင့် ဒေသခံပြည်သူများက ဖမ်းဆီးခံရသူ ၁၀၀ ထက်မနည်းရှိသည်ဟု ပြောဆိုနေသည့်အပေါ် The 74 Media က အတည်မပြုနိုင်ပါ။

ဩဂုတ်လ ၂၃ ရက်နေ့မှစတင်ကာ ကာမိုင်း – ဖားကန့်လမ်းပိုင်းကို KIA ကဖြတ်သန်းသွားလာခွင့်ပိတ်ခဲ့သဖြင့် နန့်ယားကျေးရွာတွင် ခရီးသွားပြည်သူ ၁၀၀၀ ခန့်နှင့် ကားအစီးရေ ၃၀၀ ထက်မနည်းပိတ်မိနေဆဲဖြစ်သည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ တပ်မ ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ ၁၂) ဖြစ်ပြီး ဖားကန့်မြို့သို့စစ်ကြောင်းထိုးလာချိန် ဩဂုတ်လ ၂၂ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နှစ်ဖက်အကျအဆုံးများရှိကြောင်း သိရသည်။

သတင်း – SK, HN

သင့်ထင်မြင်ချက်ရေးပေးပါ