သိန်းထောင်ချီ ဓားပြတိုက်ခံခဲ့ရသည့်အမှုကို ဝိုင်းမော်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

ဝိုင်းမော်မြို့၊ သာဂရ အမှတ် (၅) ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ယမန်နေ့ညနေ (၄) နာရီခန့်က ဖြစ်ပွားခဲ့သည့် ဓားပြမှုမှ ကျူးလွန်သူများကို ဖမ်းမိခြင်းမရှိသေးကြောင်းနှင့် ရဲတပ်ဖွဲ့ကစုံစမ်းနေဆဲဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက The 74 Media ကိုပြောသည်။

“ဝိုင်းမော်ရဲစခန်းမှာတော့ အမှုဖွင့်ထားတယ်လေ။ နယ်ထိန်းတွေ ပတ်စုံစမ်းနေတုန်းရှိသေးတယ်” ဟုပြောသည်။

မျက်နှာဖုံး (Mask) များ ဝတ်ဆင်ထားသည့် လူငယ်ခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး စစ်ဆေးစရာရှိသည်ဟုဆိုကာ အိမ်အတွင်းရှိနေသူများကို ကြိုးတုပ်ကာ ငွေသားနှင့် တန်ဖိုးကြီးပစ္စည်းများယူဆောင်သွားခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“လူရှစ်ယောက်ရှိတယ် အိမ်က ဝင်ဝင်ချင်းသေနတ်ထုတ်လာပြီးမှ စစ်ဆေးစရာရှိတယ်ဆိုပြီးမှ ဝင်လာတာ။ အကုန်လုံးကို အိမ်ထဲခေါ်ပြီး ကြိုးတုပ်ပြီး ရှာတာပြုတာလုပ်တာပေါ့။ ဦးမိုးကျော်ထွန်းရဲ့ မိန်းမအကျဲက မိနစ် ၂၀ ကျော်လောက်မှ ရောက်လာတော့ အကျဲကိုခေါ်ပြီး မီးခံသေတ္တာဖွင့်ခိုင်းပြီး ပိုက်ဆံတွေအကုန် မသွားတာ။ ပြီးတော့ ကြိုးတုပ်ထားခဲ့တယ်” ဟုပြောသည်။

ဦးကျော်မိုးထွန်းမှာ ဝိုင်းမော်မြို့တွင် လိုင်စင်ဖြင့် အမဲခုံလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

အဆိုပါလူငယ်ခြောက်ဦးမှာ ပစ္စတိုသေနတ်နှစ်လက်ကိုင်ဆောင်ထားပြီး အိမ်အတွင်းမှ မြန်မာကျပ်ငွေသိန်းလေးထောင်၊ တရုတ်ယွမ်ငွေ ရှစ်သောင်းခန့်၊ ရွှေလက်စွပ်တစ်ကွင်းအပါအဝင် နွားလာရောင်းသူထံမှလည်း ငွေကျပ် ၅၂ သိန်းနှင့် ဆိုင်ကယ်တစ်စီးကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

ဦးမိုးကျော်ထွန်း၏ နေအိမ်တွင် CCTV ကင်မရာတပ်ဆင်ထားခြင်းမရှိဘဲ နေအိမ်အတွင်းရှိရေခဲသေတ္တာပေါ်တွင် ထားရှိသော CCVT ကင်မရာမှာလည်း ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့က ကဒ်ပြည့်သွားသဖြင့် ပြင်ဆင်ရန်အပ်ထားကြောင်း သိရသည်။

ဖြစ်စဉ်၊ အမှုအခြေအနေနှင့် ပတ်သက်ပြီး အမှုဖွင့်တိုင်းကြားထားသော ဝိုင်းမော်မြို့မ ရဲစခန်းသို့ The 74 Media က အကြိမ်ကြိမ် ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပါ။

ယခင်က ဝိုင်းမော်မြို့တွင် ယခုကဲ့သို့ ဓားပြတိုက်မှုဖြစ်စဉ် ကြီးကြီးမားမားမရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း အမှတ် ၃ ရပ်ကွက် အောင်ချမ်းသာ ဘုန်းကြီးကျောင်း အနောက်ဘက်ခြမ်းတွင် လေးခွနှင့် ဓားများကိုင်ဆောင်ထားသော အမျိုးသားနှစ်ဦးက အမျိုးသမီးတစ်ဦး မောင်းနင်လာသည့် ဆိုင်ကယ်ကိုလုယက်မှုဖြစ်ပွားခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ