ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ CDM ဝင်ရန်ကြိုးပမ်းမှုကြောင့်ထောင်ကျခဲ့သည့် စစ်ကောင်စီတပ်သား ယနေ့နံနက် ၆ နာရီခန့်က ဆားလင်းကြီးမြို့နယ်ရှိ သမန်းကျားတပ်ဖွဲ့ထံ လက်နက်နှင့်အတူ ဝင်ရောက်လာကြောင်း သိရသည်။

ဝမ်ပေါင်ကုမ္ပဏီတွင် လုံခြုံရေးအဖြစ်တာဝန်ထမ်းဆောင်နေသော ရဲတပ်ရင်း (၂၈) မှ တပ်သားဖြစ်ပြီး လက်နက်များနှင့်အတူ CDM ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သမန်းကျားအဖွဲ့မှ ခေါင်းဆောင်ကိုမဲကြီးက The 74 Media ကိုပြောသည်။

“လိုင်းပေါ်မှာ ကျွန်တော်တို့ရဲဘော်တွေနဲ့တွေ့ပြီး CDM ဝင်ချင်တယ်ပေါ့ အဲ့လိုနဲ့ ဖုန်းနံပါတ်တွေ ဘာတွေတောင်းပြီး ဆက်သွယ်တာ။ မနက်စောစောသူကင်းကျတဲ့အချိန် သွားခေါ်ထုတ်ခဲ့တာ ခပ်တည်တည်ပဲ ဆိုင်ကယ်နဲ့ ပုံမှန်အတိုင်းပဲ သွားပြီးခေါ်လာခဲ့လိုက်တာ” ဟုပြောသည်။

CDM ဝင်ရောက်လာသူမှာ ရဲတပ်သား ကိုဇော်လင်းနှောင်ဆိုသူဖြစ်ပြီး အူဇီအမျိုးအစားသေနတ်တစ်လက်၊ G3 အမျိုးအစားမောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ၇.၆၂ မမ အမျိုးအစားကျည်ဆယ်ထောင့်၊ ၉ မမ ကျည်ကိုးထောင့်နှင့် စကားပြောစက်တစ်လုံးတို့ဖြင့် ဝင်ရောက်လာသောကြောင့် ငွေကျပ်သိန်း ၅၀ ဆုချီးမြင့်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ဒေသခံပြည်သူများအပေါ် နှိပ်စက်သည့် လုပ်ရပ်များကြောင့် မလုံခြုံမှုကို ခံစားရသဖြင့် CDM ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း CMD ဝင်လာသူ ကိုဇော်လင်းနှောင်ကပြောသည်။

“ရဲထဲစစဝင်ချင်းကတော့ ဘာမှနားမလည်ဘူး၊ ဒါပေမဲ့ နောက်ပိုင်းကိုယ့်လူမျိုးအချင်းချင်းတောင် သေကြေပျက်စီးနေတာ နှိပ်စက်တာ ရွာမီးရှို့တာတွေမြင်တာများလာတော့ ကြာလေကိုယ့်ကိုယ်ကိုတောင် စိတ်ထဲမှာ မလုံခြုံတော့ဘူး၊ အဲ့စိတ်ခံစားချက်တွေလည်းပါတယ်။ နိုင်ငံရေးကောင်းတဲ့အထိ ကိုယ်အသက်ရှင်နေတဲ့အထိ မကျဆုံးခင်အချိန်ထိ တိုင်ပွဲဝင်သွားဖို့ ဆုံးဖြတ်ချက်ချထားပါတယ်ဗျာ” ဟုပြောသည်။

ကိုဇော်လင်းနှောင်မှာ ပထမတစ်ကြိမ် ကြိုးစားစဉ်က ဖမ်းမိခဲ့သောကြောင့် တစ်လကျော်ခန့်ကြာ အချုပ်ကျခဲ့ပြီး ခံဝန်ကတိဖြင့် ပြန်လည်လွတ်မြောက်သူဖြစ်သည်။

သမန်းကျားတပ်ဖွဲ့အနေဖြင့် CDM ဝင်ရောက်လိုသူများကိုလည်း အချိန်မရွေးကြိုဆိုလျက်ရှိပြီး ထောက်ပံ့ကြေးများလည်း ပေးသွားမည်ဖြင့်ကြောင်း အဖွဲ့ခေါင်းဆောင် ကိုမဲကြီးကပြောသည်။

ဆားလင်းကြီးမြို့နယ် သမန်းကျားတပ်ဖွဲ့ထံ ကိုဇော်လင်းနှောင်အပါအဝင် CDM ဝင်ရောက်လာသူ သုံးဦးရှိပြီဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် အရာခံဗိုလ်အဆင့်ရှိသူတစ်ဦးနှင့် ၂၀၂၂ ခုနှစ်တွင် ရဲတပ်ရင်း ၂၈ မှ ရဲတပ်သားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ Non – CDM ဝန်ထမ်းများကိုလည်း CDM ဝင်ရောက်ရန် အကြိမ်ကြိမ် စာထုတ်ပြန်ခဲ့ပြီဖြစ်သည်။

သတင်း – Dureng
ပုံ – ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေး FB Page

သင့်ထင်မြင်ချက်ရေးပေးပါ