စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲပြီး နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကလေးမြို့နယ် သာစည်ကျေးရွာတွင် တစ်ပါတ်အတွင်း သတ်ဖြတ်ခံခဲ့ရသူ ငါးဦးထက်မနည်းရှိကြောင်း သိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့မှစတင်ကာ ကျေးရွာအတွင်းရှိ နေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးနေပြီး အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံခဲ့ရကာ ရုပ်အလောင်းများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကလေး PDF တပ်ရင်း ၅ မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ပြည်သူတွေကိုပဲ သတ်ပြီးတော့ မီးလောင်နေတဲ့ အိမ်ထဲကိုထည့်တယ်။ သေခါစမှာတွေ့တာမဟုတ်ဘူးဗျ ကျည်မှန်ဒဏ်ရာနဲ့ သေပြီးမှပဲတွေ့တာ။ ဒီလူတွေက ဘာမှမဟုတ်ဘူး အဖွဲ့အစည်းထဲကမဟုတ်ဘူး။ သူတို့(စစ်ကောင်စီ) မဲမဲမြင်ရင်ပစ်တာကိုး” ဟုပြောသည်။

သတ်ဖြတ်ခံခဲ့ရသူများမှာ ဒေသခံပြည်သူများဖြစ်ကြသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ဝတ်စုံများကို ဝတ်ဆင်ပေးပြီး ဓာတ်ပုံရိုက်နေသည်ကို မျက်မြင်တွေ့ရှိခဲ့သူများလည်းရှိသည်ဟု သူကဆက်ပြောသည်။

ဒေသခံပြည်သူများကလည်း ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေသောကြောင့် သတ်ဖြတ်ခံရသူများ၏ အမည်နှင့် အသက်ကို မသိရှိရသေးကြောင်း သိရသည်။

တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သာစည်ကျေးရွာကို တစ်ပါတ်ကျော်ခန့် နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီးနေပြီး ရွာရှိအိမ်ခြေ ထက်ဝက်ခန့်မှာ မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း အသက် ၃၉ နှစ်ခန့်အရွယ် သာစည်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“အိမ်ခြေတစ်ထောက်လောက်ရှိတဲ့ဟာ အခုရွာတစ်ဝက်တော့ ကျိုးပြီ ငါးရာကျော်လောက်တော့ရှိပြီ။ ရွာထဲမှာရှိတဲ့ ဆန်၊ ဆီ၊ ဆားတွေကို ယူလိုက် ရှို့လိုက် လုပ်နေတာလို့မြင်ပါတယ်။ ရွာအရှေ့ဘက် လမ်းဘေးဝဲယာကနေ စရှို့တာ။ အခုဆို ရှေ့ခြမ်းတစ်ခြမ်းလုံးကုန်ပြီဗျာ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျုးစောထီးပူးပေါင်းတပ်ဖွဲ့များသည် လက်ရှိအချိန်ထိကျေးရွာထဲတွင် တပ်စွဲနေထိုင်လျက်ရှိပြီး ကျေးရွာတစ်ရွာလုံးရှို့မည့် အနေထားရှိနေကြောင်းသူကပြောသည်။

ပြီးခဲ့သည်ဇွန်လ ၁၆ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးရမ်သမ်း ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ်တစ်ဦး ဗိုက်ပွင့်သေဆုံးသွားပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သာစည်ကျေးရွာတွင် ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

သာစည်ကျေးရွာသည် ကလေးမြို့တောင်ဘက် ၃ မိုင်ခန့်အကွာ ကလေး – ဂန့်ဂေါကားလမ်းမပေါ်တွင် တည်ရှိပြီး လူဦးရေ ၃၀၀၀ ခန့်နေထိုင်သည်။

သတင်း – Dureng
ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ