စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘောများ ဗန်းမော်မြို့သို့ ရောက်ရှိခဲ့သည့် ရက်ပိုင်းအတွင်း လုံခြုံရေးတင်းကြပ်ထားကာ ရှောင်တခင်စစ်ဆေးမှုများ ပိုမိုပြုလုပ်လာသည်ဟု ဒေသခံများထံမှ သိရသည်။

မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောကိုးစီး ဗန်းမော်မြို့သို့ ရောက်ရှိခဲ့ပြီးနောက် ညမထွက်ရအမိန့်ကို အကြောင်းပြကာ စစ်ဆေးမှုများရှိလာသည့်အတွက် ည ၇ နာရီ နောက်ပိုင်း လူသွားလူလာ မရှိသလောက် နည်းပါးသွားသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“၁၀ (ည ၁၀ နာရီ) ၄ (မနက် ၄ နာရီ) လို့လည်းကြားတယ် ရှစ် လေး လို့လည်းကြားတယ်။ ဒါပေမဲ့ ရှစ်နာရီကျော်ရင်ကိုမှ သူတို့စုပြီးတော့ စစ်လား ဆေးလားနဲ့လုပ်နေတာတော့ နှစ်ရက်ရှိပြီ” ဟုပြောသည်။

ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မြို့နယ်မှ ထုတ်ပြန်ပြီးနောက် လိုက်လံကြေညာခြင်း မရှိသည့်အတွက် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိကြကြောင်း ဒေသခံအများစုက ပြောသော်လည်း ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့မှက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်ရုံးတိုင်းတွင် စာကပ်ထားကြောင်း ဗန်းမော်မြို့နယ် ထွေအုပ်ရုံး ဝန်ထမ်းတစ်ဦးက ပြောသည်။

“ည ၁၀ နာရီကနေတဲ့ မနက် ၄ နာရီ အဲဒီအချိန်မှာ မထွက်ရဘူး။ ထုတ်ထားတာတော့ ဒီလ ၈ ရက်နေ့ကတည်းက ထုတ်ထားတာ။ အစ်ကိုတို့နေတဲ့ ရပ်ကွက်ရုံးတွေမှာလေ စာတွေကပ်ထားတယ်။ ရပ်ကွက်ရုံးတိုင်းမှာ စာကပ်ထားတယ်” ဟုပြောသည်။

စစ်ကောင်စီသင်္ဘောများ ဆိပ်ကမ်းကပ်ပြီးနောက် ကမ်းအနီးရှိ အလုပ်သမားရုံးရှေ့ မှစတင်ကာ ကမ်းနားလမ်းတစ်လျောက် အပါအဝင် မြို့နယ်အားကစားကွင်းရှေ့ နာရီစင်အနီးနှင့် ဗန်းမော် – နမ့်ဖားလမ်း၊ ဗန်းမော် – စီအင်လမ်း စသည့်လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝါးလုံးရှည်ဖြင့် ကန့်လန့်ဖြတ် လမ်းပိတ်ထားပြီး လုံခြုံရေးယူထားကြောင်း သိရသည်။

ထိုနေရာများတွင် ကား၊ ဆိုင်ကယ်အသွားအလာ လုံးဝပိတ်ထားပြီး လမ်းလျှောက်ဖြတ်သန်းခွင့်သာ ပြုကြောင်း ဒေသခံများကဆိုသည်။

လမ်းပိတ်ထားသည့် နေရာတစ်လျှောက်ရှိ ဈေးဆိုင်များမှာ ဩဂုတ်လ ၁၉ ရက်နေ့မှစတင်ကာ ပိတ်ထားခဲ့ရပြီး ယနေ့ ဩဂုတ် ၂၃ ရက်နေ့တွင် ဖြတ်သန်းသွားလာသူမရှိ ဈေးဝယ်မည့်သူမရှိသော်လည်း ဆိုင်အချို့ပြန်လည်ဖွင့်လှစ်ထားကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် လမ်းပိတ်နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာသည့် ပြည်သူများကို စိတ်ကြိုက် စစ်ဆေးမှုပြုလုပ်ကာ စီးနင်းလာသည့် ဆိုင်ကယ်အကောင်း၊ အသစ်များကို လိုင်စင်ရှိလျင်ပင် သိမ်းဆည်းမှုများပြုလုပ်ကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“အဓိကတော့ ဆိုင်ကယ်ကောင်းရင် ဖမ်းဖို့သေချာတယ်။ တအားရချင်ရင်တော့ လိုင်စင်ရှိလည်း ဖမ်းသွားတာပဲ။ Click ဘီးတို့ ဘာတို့ဆို (သိန်း) ၃၀၊ ၄၀ လောက်တန်တယ်။ အဲဒီဟာတွေကိုပဲ တည်ပြီးဖမ်းသလိုဖြစ်တာပေါ့။ 125 တို့ ဘာတို့ Battery ဘီးတို့ဆို လွှတ်ခဲ့တယ်။ ဆိုင်ကယ်စုတ်နေတဲ့ဟာမျိုးဆိုလည်း မေးပြီးတော့မှ လွှတ်တယ်” ဟုပြောသည်။

သိမ်းဆည်းခံခဲ့ရသည့် ဆိုင်ကယ်များကို ရဲတပ်ဖွဲ့ဝင်များက မြို့နယ်စုပေါင်းရုံးသို့ သယ်ဆောင်သွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဖြင့်လာရောက်ကာ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ ၂၁) တပ်သို့ သယ်ယူသွားကြောင်းသိရသည်။

ဖမ်းဆီးခဲ့သည့်ဆိုင်ကယ်များကို ဗန်းမော်ဆိပ်ကမ်းတွင် ကမ်းကပ်ထားသည့် စစ်ကောင်စီ သင်္ဘောပေါ်သို့ သယ်ဆောင်သွားသည်ဟု ပြောဆိုမှုများရှိနေသော်လည်း The 74 Media ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် မတ်လကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် ယာဉ်ထိန်းရဲများပါဝင်သည့် ပူးပေါင်းအဖွဲ့က ဗန်းမော်မြို့အတွင်း ယာဉ်လိုင်စင်အကြောင်းပြကာ ပြည်သူများ၏ ဆိုင်ကယ်နှင့် ကားများကို စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင်နှင့် မိသားစုများကို မဲဖောက်စနစ်ဖြင့် ပြန်လည်ဝေပေးခဲ့သည်။

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ပြီးခဲ့သည့်  ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းက စတင်ထွက်ခွာလာသော ရိက္ခာနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်လာသည့် စစ်ကောင်စီ သင်္ဘောကိုးစီးသည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းများ အကြိမ်ကြိမ်ခံခဲ့ရပြီးနောက် ဩဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်းက ဗန်းမော်မြို့သို့ရောက်ရှိခဲ့သည်။

အဆိုပါသင်္ဘောများ ဆန်တက်လာချိန် စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းများက ဧရာဝတီမြစ် ကမ်းဘေး တစ်လျှောက်ရှိ ကျေးရွာများကို သင်္ဘောပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သောကြောင့်ဒေသခံပြည်သူများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ