ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ယမန်နေ့က ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားချိန် KIA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်တစ်ဦး နဖူးတွင် ကျည်ထိမှန်သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များလည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း အသက် ၂၅ နှစ်ခန့်အရွယ်ရှိ ကားမိုင်းဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကားမိုင်းကနေ ထွက်လာတဲ့ စစ်ကြောင်းနဲ့ KIA တွေ နန့်ယားနဲ့ မအူပင်ရွာကြားမှာ တိုက်ပွဲဖြစ်တာ။ KIA တပ်ဖွဲ့ဝင်တစ်ဦး နဖူးမှာ ထိပြီး ကျသွားတယ်လို့ သိရတယ်။ စစ်ကောင်စီဖက်ကတော့ ရှစ်ယောက်သေပြီး ဆယ်ယောက်ကျော် ထိတယ်လို့ သိရတယ်။ စစ်ကြောင်းထွက်လာတဲ့ လမ်းပေါ်မှာ ပစ်ကြတာ” ဟုပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ကာမိုင်းမြို့အနီးရှိ KIA တပ်စခန်းကို သွားရောက်တိုက်ခိုက်ပြီးနောက် ရဲဘော်နှစ်ဦး၊ M22 အမျိုးအစားသေနတ်တစ်လက်၊ ကျည်အတောင့် ၅၀၊ ကျောပိုးအိတ်တစ်လုံးနှင့် တဲငါးလုံးကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

အင်အား ၁၀၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းမှာ တပ်မ ၃၃ လက်အောက်ခံ မုံရွာတပ်ရင်း ၁၂ မှ တပ်ဖွဲ့ဝင်များဖြစ်ပြီး ယမန်နေ့က တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီး လက်နက်ငယ်သံများ ကြားခဲ့ရကြောင်း အသက် ၄၂ နှစ်ခန့်အရွယ်ရှိ ကာမိုင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မြို့ထဲကိုလည်း ဝင်မွှေသွားသေးတယ် စစ်ကြောင်းထိုးလာရင်းတိုက်ကြတာဟုတ်တယ်။ မြို့နဲ့တော်တော်နီးတယ် လက်နက်ကြီးသံတွေပါကြားရတယ်” ဟုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ကကြားဖြတ်တိုက်ခိုက်ရာမှ နန့်ယားကျေးရွာနှင့် မအူပင်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လမ်းတွင် ခရီးသည်တင်ကားများပိတ်မိခဲ့သည်။

တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် နန့်ယားကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦး ခြေထောက်တွင် လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့သည်။

သတင်း – SK
ဓါတ်ပုံ – Ko Thet

သင့်ထင်မြင်ချက်ရေးပေးပါ