လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ယမန်နေ့က ၈ နာရီခန့်က မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

လယ်ကုန်းရပ်ကွက် နယ်မြေ (၂) တွင် လင်မယားချင်းစကားများရန်ဖြစ်နေချိန် ချော်လဲကာ အမျိုးသားဖြစ်သူက လက်တွင် ကိုင်ထားသောဓားဖြင့် မိမိကိုယ်ကို ထိုးမိခြင်းဖြစ်ကြောင်း အမျိုးသမီးဖြစ်သူက ပြောသည်ဟု မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“အမျိုးသားကအရက်သောက်ထားတဲ့အခါကြတော့ ဓားကိုင်ထားတာပေါ့။ စဉ်းတော့စဉ်းစားယူရတာပေါ့ ချော်လဲပြီးထိုးမိတာဆိုပြီး သူ့မိန်းမကညက ရဲတွေကိုထွက်ဆိုနေတာတော့ ကြားတယ်။ ချော်လဲပြီးထိုးမိတာ သုံးချက်ကြီးများတောင်ဆိုတော့ ကောင်းကောင်းဝေခွဲတော့မရဘူး ဖြစ်နေတယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ မီးဖိုချောင်သုံး ဟင်းလှီးဓားဖြင့် ရင်ဝ၊ ဘယ်လက်နံစောင်းနှင့် ဝမ်းဗိုက်အထက်တို့တွင် ဓားဒဏ်ရာများ ရရှိခဲ့ပြီး လင်မယားနှစ်ဦး စကားများရန်ဖြစ်ချိန် မိမိကိုယ်ကို ဓားဖြင့်ထိုးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ကျွန်တော်ရောက်သွားတော့ ဓားထိုးခံရတဲ့သူ အသက်မရှိတော့ဘူးတဲ့။ မိန်းမက လူမှုကူညီရေးကားနဲ့ ပါသွားတယ်။ အိမ်ရှင်ကိုမေးတော့ လင်မယားနှစ်ယောက်ရန်ဖြစ်တာ မီးလည်းသေနေတာ အဲ့အချိန် ကိုယ့်ဓားနဲ့ကို ထိုးမိတာလို့ပြောတယ်” ဟုပြောသည်။

လယ်ကုန်းရပ်ကွက်တွင် အိမ်ခန်းငှားနေသူဖြစ်ပြီး အသက် ၃၂ နှစ်ခန့်အရွယ်ရှိ ဦးနိုင်မိုးဆိုသူဖြစ်ပြီး လက်ရှိအချိန်တွင် ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် လမ်းသွယ် ၂၅ တွင် အမျိုးသားတစ်ဦး ခါးနှင့် ဝမ်းဗိုက်တို့တွင် ဓားထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတစ်ခုတွေ့ရှိခဲ့သည်။

သတင်း – HN
ဓါတ်ပုံ – မျိုးဆက်သစ်လူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ