စစ်ကောင်စီစခန်းမှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် ယနေ့ မွန်းလွှဲ သုံးနာရီအချိန်ခန့်က ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နန့်ယားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းက ပစ်ခတ်လိုက်သော လက်နက်ကြီးသည် ကျေးရွာအတွင်းရှိ ရပ်ကွက် (၁) မှ နေအိမ်ဝင်းကိုထိမှန်ပြီး အမျိူးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း နန့်ယားဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ခြံဝင်းလည်းပျက်စီးသွားတယ်။ ဇင်မာဦးဆိုတဲ့ အမျိုးသမီးဘယ်ဘက်ပေါင်ထိသွားတယ်” ဟုပြောသည်။

KIA တပ်ရင်း ၄၄ နှင့် စစ်ကောင်စီတပ်ရင်း ၁၂ တို့ ယနေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ နန့်ယားကျေးရွာအနီး ကျောက်ထုကျေးရွာနှင့် ဒေသအခေါ် ကိုးမိုင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အခုတော့ငြိမ်သွားပြီ။ စစ်ကောင်စီတွေလည်း သူတို့ရဲ့ နန့်ယားစခန်းကို ပြန်ရောက်နေကြပြီလို့ကြားရတယ်။ စစ်ကောင်စီဘက်ကတော့ ထိခိုက်ဒဏ်ရာရတာများနိုင်တယ်။ ကားတွေနဲ့ သူတို့ရဲ့ ခြင်းကြားတွေကို လာသယ်ကြတယ်လို့ပြောကြတယ်။ နန့်ယားစခန်းကတောင် လက်နက်ကြီးနဲ့ ငါးကြိမ်လောက်ပစ်တယ်” ဟုပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုကို မသိရှိရသေးပါ။

အဆိုပါတိုက်ပွဲကြောင့် ဆိုင်းဖရာကျေးရွာ၊ ကပ်မှော်ကျေးရွာ၊ ခွန်ဆိုင်ကျေးရွာ၊ တံတားညီနောင်ကျေးရွာ၊ ပျားအုံကျေးရွာစသည့် ကျေးရွာများမှ ဒေသခံ ၆၀၀ ကျော်စစ်ရှောင်နေရသည့်အပြင် နန့်ယားကျေးရွာရှိ ကေဘီစီဘုရားကျောင်းတွင် လူဦးရေ တစ်ရာကျော် ယာယီစစ်ရှောင်နေကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ