ကချင်ပြည်နယ်ရှိ ဒေသအချို့တွင် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံပြည်သူများကို သတိထားသွားလာရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက အသိပေးပြောကြားသည်။

ဖားကန့်မြို့နယ်အပြင် ဝိုင်းမော်နှင့်ဒေါ့ဖုန်းယာန်မြို့နယ်(ခွဲ)ရှိ နမ်ဆန်ယာန်၊ အောင်ဂျာ၊ မဒီးယာန်၊ မလိယာန်နှင့် ဂျာပူကျေးရွာ လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်က တပ်စွဲထားပြီး စစ်ကောင်စီဘက်မှ စစ်ရေးလှုပ်ရှားလာပါက တိုက်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေရှိနေကြောင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။

“မြေပြင်ကနေ စစ်ကြောင်းထိုးလာတာ မရှိဘူး။ KIA တပ်ဖွဲ့တွေလည်း သတိနဲ့ စောင့်ကြည့်နေပါတယ်။ သူတို့ဖက်က လှုပ်ရှားလာရင်တော့ တိုက်ပွဲ ဖြစ်လာနိုင်တယ်။ အဲ့ဒါကြောင့် စောင့်ကြည့်နေတဲ့ အခြေအနေပေါ့” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားလျှင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ တိုက်လေယာဉ်များဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် လူစုလူဝေး ပြုလုပ်ခြင်း ရှောင်ရှားသင့်သည့်အပြင် ဒေသခံပြည်သူများကို သတိထားသွားလာရန် သူကပြောသည်။

“(စစ်ကောင်စီ)စစ်ကြောင်း၊ စစ်ရေးလှုပ်ရှားတာတွေရှိတဲ့ဖက် သွားလာမယ်ဆိုရင် အရမ်းသတိထားရမယ်။ သွားလာတာကိုလည်း တတ်နိုင်သလောက် ရှောင်ရှားသင့်တယ်လို့ပြောချင်ပါတယ်” ဟုဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က မြစ်ကြီးနား – မန္တလေး ရထားလမ်းပိုင်းကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အပြင် မြစ်ကြီးနား – ဗန်းမော် ကားလမ်းကိုလည်း လက်လွတ်ခဲ့ရသောကြောင့် ရေလမ်းကြောင်းကို အဓိက အသုံးပြုပြီး စစ်လက်နက်ပစ္စည်းနှင့် ရိက္ခာများ တင်ပို့နေခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက သူ့အမြင်ကိုပြောသည်။

ပြီခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က မန္တလေးမြို့၊ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘော ၉ စင်းသည် မြစ်ကြောင်းတစ်လျှောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ၏ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ၂၅ ရက်အကြာတွင် ဗန်းမော်မြို့၊ မြလယ်ကျေးရွာ ဆိပ်ကမ်းသို့ ဆိုက်ကပ်နိုင်ခဲ့ကြောင်း သိရသည်။

လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယာန်ကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက KIA တပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ခန့်ပြန်လည်တိမ်းရှောင်ခဲ့ရပြီး မြစ်ကြီးနား-ဗန်းမော်လမ်းကိုလည်း ယနေ့ချိန်ထိ သွားလာခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

အလားတူ ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA တို့ ယနေ့ နံနက်ပိုင်းက ကားမိုင်းမြို့ ကျောက်ထုကျေးရွာအနီးတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ လဆန်းပိုင်းက မြစ်ကြီနား-ဗန်းမော်လမ်းရှိ မလိယာန်ကျေးရွာက စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖားကန့်မြို့နယ်က ကသိုဏ်းတောင်စခန်းနှင့် SNA တပ်စခန်းတစ်ခုကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

ပုံ – ကေအိုင်အေစစ်သည်အချို့ကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ