စစ်ကောင်စီတပ်ဖွဲ့ဝင်

မိုးကောင်းမြို့ အထက်တန်းကျောင်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရခဲ့ရပြီးနောက် ပိုက်စိပ်တိုက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ပြည်သူခုနှစ်ဦးထက် မနည်းကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သော ဩဂုတ်လ ၁၉ ရက်နေ့မှစတင်ကာ အပူတပြင်းလိုက်လံရှာဖွေနေပြီး အိုးတန်းရပ်ကွက်မှ လူငယ်နှစ်ဦးနှင့် မြို့ဦးရပ်ကွက်မှ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အသက် ၁၇ တစ်ယောက် ၁၉ တစ်ယောက်။ မနက်ပိုင်း မိုးလင်းကာစကလေးမှာ ဖမ်းသွားတာ။ နောက်နှစ်ယောက်ကတော့ မြို့ဦးရပ်ကွက်က မနက် ၂ နာရီလောက်မှာခေါ်သွားတာ။ လာခေါ်သွားတုန်းက စစ်သားတွေ ဆယ်ယောက်လောက်ရှိတယ်။ မျက်နှာတွေအုပ်သွားတယ်” ဟုပြောသည်။

ဈေးကုန်းရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ကျောင်းကြိုရန်စောင့်ဆိုင်းနေသည့် စစ်ကားတစ်စီးကို ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က လူငယ်လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်သွားပြီး သေနတ်တစ်လက်ကို ယူဆောင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ MA-1 သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း အတည်ပြုနိုင်သည်ဟု မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF – Mogaung) ၏ တာဝန်ရှိသူတစ်ဦးက ယနေ့ ဩဂုတ် ၂၂ တွင် စာဖြင့်ရေးသား ဖြေကြားခဲ့သည်။

“မြို့လယ်ကောင်မှာ သေနတ်နဲ့သူတို့ (စစ်ကောင်စီတပ်သား)တွေ ပေါ်တင်ပစ်သတ်ခံရလို့ ရှက်ရမ်းကြောက်ရမ်း ရမ်းနေတယ်လို့ပဲ ထင်ပါတယ်။ MA-1 တစ်လက် သိမ်းဆည်းရမိတာအတည်ပြုနိုင်ပါတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်သေဆုံးခြင်းထက် လက်နက်ပျောက်ဆုံးနေသောကြောင့် ရှာဖွေဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်ဟုသာ ထင်မြင်ကြောင်း အခြားဒေသခံ အမျိုးသား တစ်ဦးကပြောသည်။

“သူတို့တပ်သားကို သူတို့မနှမြောဘူး။ ပြောမယ်ဆိုရင် သူတို့တပ်သားသေတာထက် သူတို့လက်နက်ပါသွားတာကို ပိုပြီးတော့ စိတ်ပူတာပေါ့။ အဲဒါကို သူတို့ပြာယာခတ်နေတာ သူတို့ ဗိုလ်ကြီးတစ်ယောက် ပစ်သတ်ခံရတုန်းက ဘာမှမဖြစ်ပါဘူး သူတို့ဒီမြို့ထဲမှာ ဒီအတိုင်းပဲ တပ်သားသေတာလောက်နဲ့တော့ ဘာမှလုပ်ပေးမယ်မထင်ဘူး” ဟုပြောသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ကျောင်းအနီးရှိ မြို့တော်ခန်းမ၊ ရွှေသာလျောင်းဘုရားကြီးအနီးရှိ သာသနာ့ဗိမာန်နှင့် မိုးကောင်းမြို့အနှံ့တွင် ကင်းပုန်းများချထားပြီး ကျွန်းတောရပ်ကွက် တံတားထိပ်တွင်လည်း သဲအိတ်များကာရန်ကာ ဂိတ်စခန်းအသစ်ပြုလုပ်ထားကြောင်း သူကဆက်ပြောသည်။

“စောင့်တဲ့ စစ်သားတွေက ဟေ့ရောင် ရပ် မင်းတို့ဘာကောင်လဲဆိုပြီး သူတို့လက်နက်ပါသွားတဲ့အတွက် မဲဖို့ပဲ တတ်တော့တာ။ ပစ်သွားတဲ့သူတွေကလည်း လူငယ်လေးတွေလို့ ကြားတဲ့အခါကျတော့ လူငယ်တွေဖြတ်တဲ့အခါ မကြည်တော့တာ။ မသင်္ကာရင်စစ်၊ ရိုက် အဲ့လိုပုံစုံလုပ်တာ” ဟုပြောသည်။

ယနေ့ ညနေ ၃ နာရီခန့်ကလည်း မြို့ဦးရပ်ကွက်နှင့် ဈေးကုန်းရပ်ကွက်ကြား စစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ရပ်မပေးသောကြောင့်ဟုဆိုကာ သေနတ်မိုးပေါ်ထောင်ပစ်ခဲ့ပြီး မိုးကောင်းမြို့အတွင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့် လှည့်လည်သွားလာနေကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိအချိန်ထိ မိုးကောင်းမြို့တွင် ဖမ်းဆီးခံထားရသည့် လူငယ် ခုနှစ်ဦးအထိရှိပြီး စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ ၇၄) တပ်တွင် ဖမ်းဆီးထားကြောင်း သိရသည်။

နောက်ထပ်ဖမ်းဆီးခံရသူများလည်း ရှိနိုင်ပြီး The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ကလည်း စီဒီယံကျေးရွာနှင့် နမ္မတီးမြို့ကြား လီဒိုလမ်းမကြီးပေါ်တွင် မိုးကောင်း ခလရ (၇၄) တပ်မှ ဗိုလ်ကြီးဇင်မင်းဦးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့်သေဆုံးခဲ့သည်။

ဗန်းမော်တပ်နယ်မှ စစ်ထောက်လှမ်းရေး ဗိုလ်ကြီးပိုင်သူစိုးကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့က မိုးကောင်းဒေသရှိ တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ ဖမ်းဆီးခဲ့ကြောင်းသိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ