သေနတ်ထောက်ကာ ဆိုင်ကယ်လုယက်မှု ယမန်နေ့ညနေ ၄ နာရီခန့်က ဖားကန့်မြို့ အေးမြသာယာကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အေးမြသာယာအုပ်စု ညောင်ပင်ကုန်းအနီးတွင် သေနတ်ကိုင်ဆောင်ထားသည့် လူငယ်နှစ်ဦးက မိန်းကလေးတစ်ဦး မောင်းနင်လာသောဆိုင်ကယ်ကို တားဆီးလုယူသွားခြင်းဖြစ်သည်ဟု လုယက်ခံခဲ့ရသူနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့နားကလူပြတ်တယ် အခုလုခံလိုက်ရတာက မိန်းကလေးဗျ။ ဖားကန့်ကနေပြန်လာတာ သေနတ်တောင်သူ့ကိုပြသေးတယ်တဲ့။ လူကိုတော့ဘာမှမလုပ်ခဲ့ဘူး။ ဆိုင်ကယ်ပဲယူသွားတယ်” ဟုပြောသည်။

KENBO အမှတ်တံဆိပ်၊ ၁၂၅ အမျိုးအစား ဆိုင်ကယ်တစ်စီးလုယူသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့တွင် ယခုကဲ့သို့ လုယက်မှုပိုမိုများပြားလာသောကြောင့် ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးစေလိုကြောင်း အသက် ၅၂ နှစ်ခန့်အရွယ်ရှိ ရှရော်ခကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“လူငယ်ပိုင်းလေးတွေလို့ ပြောတယ်။ ကြောက်ဖို့တော့ ကောင်းလာပြီ။ အဲ့လိုလုယက်မှုတွေဖြစ်နေတော့ အပြင်သွားရတာအဆင်မပြေဘူး။ သက်ဆိုင်ရာလူကြီးတွေ အမြန်ဆုံးဖမ်းမိနိုင်အောင်လုပ်ပေးပါလို့ ပြောချင်တယ်” ဟုပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေသည့် ဖားကန့်ဒေသတွင် ခိုးဆိုးလုယက်မှုများကို ထိထိရောက်ရောက်အရေးယူပေးစေလိုသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

“ဒီမှာအခွန်ကောက်တာက လက်နက်ကိုင်တွေရဲ့တိုက်နယ်၊ ခရိုင်အဆင့်တွေကနေ အမြဲတမ်းကောက်နေတာ၊ စကစက မယုံရဘူးလေ။ ဒီတော့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေကို အားကိုးပါတယ်။ အခွန်ကောက်တာလည်းကောက်ပါ။ ပြည်သူ့လုံခြုံရေးကိုလည်း ထိထိရောက်ရောက်လုပ်ပေးပါ” ဟုဆိုသည်။

ဖားကန့်မြို့နယ်တွင် ယခုလအတွင်း လုယက်မှု ငါးခုထက်မနည်းဖြစ်ပွားခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသော လုယက်မှုများ ပိုမိုများပြားလာခြင်းဖြစ်သည်။

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ တရားမဝင်လောင်ကစားရုံ သို့မဟုတ် ဒေသအခေါ် ငါးပစ်ဂိမ်းဆိုင်တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လက လက်နက်များကိုင်ဆောင်ထားသည့် လူငယ်ခြောက်ဦးက ငွေကျပ်သိန်း ၂၀၀၊ ဖုန်းနှင့် CCTV စက်တစ်လုံးတို့ကို ယူသွားပြီး လာရောက်ဂိမ်းကစားနေသူတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ