စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တပ်စွဲထားသည့် ကလေးမြို့နယ် သာစည်ကျေးရွာရှိ နေအိမ်များ ခြောက်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး စားနပ်ရိက္ခာများ ခိုးယူလုယက်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့မှ ယမန်နေ့အထိ ‌အင်အား ၁၂၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ် ၁၅၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ကလေး PDF တပ်ရင်း – ၅ မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

 

“အချိန်ပြည့်တော့မဟုတ်ပေမဲ့ မနက်ပိုင်းမရှို့ရင် ညနေပိုင်းရှို့အဲ့လိုနဲ့ပဲ နေ့တိုင်းတော့ရှို့နေတယ်။ ခန့်မှန်းပဲရှိသေးတာ သူတို့(စစ်ကောင်စီ)တွေက ဒီနေ့တော့တော်တော်များများရှို့လိုက်တယ်” ဟုပြောသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် လက်နက်မပါရှိသည့် အမျိုးသမီးများလည်း ပါဝင်ပြီး တစ်ရက်လျှင် နေအိမ် နှစ်ဆယ်၊ သုံးဆယ်ခန့်ကို အိမ်အတွင်းရှိ ပစ္စည်းများကို စစ်ကားများဖြင့် သယ်ယူသွားကြပြီးနောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

 

“မျက်ဝါးထင်ထင်တွေ့ရသလောက်တော့ စစ်ကြောင်းထိုးတဲ့နေရာမှာ မိန်းကလေးတွေလည်းပါတယ်။ အိမ်ကိုဝင်တယ် ရှိသမျှပစ္စည်းအကုန်ထုတ်တယ် ပထမဆုံးစရှို့တဲ့နေ့ကစ နောက်ကနေကားနဲ့လိုက်တယ်ပြီးတော့ ဆန်တွေ၊ ဆီတွေ အဲ့တာတွေကိုတင်ပြီး တပ်စွဲထားတဲ့နေရာတွေကို သွားပို့တယ်။ ဇွန်းတောင်မချန်ဘူး အားလုံးယူတယ်” ဟုပြောသည်။

 

ဒေသခံပြည်သူများ တစ်နှစ်စာအတွက် စုဆောင်းထားသော စားနပ်ရိက္ခာများကို သယ်ယူသွားသောကြောင့် နေအိမ်သို့ ပြန်လျင်လည်း စားဝတ်နေရေးအတွက် စိုးရိမ်ကြောင်း အသက် ၃၀ နှစ်ခန့်အရွယ်ရှိ သာစည်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

 

“သူ့တို့(စစ်ကောင်စီ)တွေရဲ့အလုပ်ကတော့ ဒါပဲရှိတာကိုး ယူမယ်၊ ခိုးမယ်၊ လုမယ်။ ဒီဘက်က ရိက္ခာကို တစ်နှစ်စာ စုကြတာများတယ် အခုကအကုန်လုံး သူတို့ယူသွားကြတော့ စားရေးသောက်ရေးစိပ်ပူရတယ်။ ဘေးရွာကလည်း ကြာလာတော့ မကူညီနိုင်တော့ဘူးလေ ဒီနှစ်ပိုဆိုးတာပေါ့။ အိမ်ပြန်ရခဲ့ရင်တောင် စားဝတ်နေရေးအတွက် စိုးရိမ်ရတယ်” ဟုပြောသည်။

 

လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း တပ်စွဲထားဆဲဖြစ်ပြီး ပြီခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံခဲ့သည်။

 

ဇွန်လ ၂၅ ရက်နေ့ကလည်း နေအိမ်ခြောက်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘကကျောင်းကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ကလေးတစ်ဦး ဗိုက်ပွင့်သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရှိခဲ့သည်။

 

မေလ ၁၅ ရက်နေ့ကလည်း သာစည်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

 

သာစည်ကျေးရွာမှာ ကလေးမြို့တောင်ဘက် ၃ မိုင်ခန့်အကွာ ကလေး − ဂန့်ဂေါကားလမ်းမပေါ်တွင် တည်ရှိပြီး လူဦးရေ ၃၀၀၀ ခန့်နေထိုင်သည်။

 

သတင်း – Dureng

ပုံ – Thant Wai Kyaw Youtube channel

သင့်ထင်မြင်ချက်ရေးပေးပါ