ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့နံနက် ၉ နာရီခန့်မှ စတင်ကာ ဖားကန့်မြို့ နန့်ယားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

အင်အား ၁၀၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်း ထိုးလာသောကြောင့် ကြားဖြတ်တိုက်ခိုက်ရာမှ နန့်ယားကျေးရွာနှင့် မအူပင်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု မအူပင်ကျေးရွာနေ အသက် ၃၁ နှစ်ခန့်အရွယ်ရှိ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“နန့်ယားနဲ့ မအူပင်ကြား တလျှောက်က KIA တွေချည်းပဲ၊ စခန်းတောင်ချထားတာဟုတ်တယ်။ စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တာ။ ဒီမနက်ကနေစပြီး ဂိတ်တွေလည်ပိတ်ထားတယ်” ဟုသူကပြောသည်။

တိုက်ပွဲဖြစ်ပွားနေသောကြောင့် နန့်ယားဂိတ်တွင် ဖြတ်သန်းသွားလာခွင့် ပိတ်ထားသဖြင့် ခရီးသည်တင်ကား အစီးရေ ၃၀ ကျော်ပိတ်မိနေကြောင်း မြစ်ကြီးနား – ဖားကန့် ယာဉ်လိုင်းပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

“လက်နက်ကြီး လက်နက်ငယ်သံတွေက ဆက်တိုက်ကြားနေရတုန်း အခုထိ မပြီးသေးဘူးတိုက်ပွဲက ဒီညတော့ ကားထဲမှာပဲ အိပ်ရတော့မှာ ဂိတ်ပြန်ဖွင့်ဖို့က မသေချာဘူး။ မနက်ကျမှ အခြေအနေတစ်ချက်ကြည့်ရမှာ” ဟုပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့ကလည်း ဖားကန့်မြို့အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာရှိ တပ်မ ၃၃ လက်အောက်ခံတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ကသိုဏ်းတောင်ပေါ်မှစစ်ကောင်စီစခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဖားကန့်မြို့နယ်နှင့် မိုင် ၄၀ ခန့်အကွာရှိ ကချင်-စစ်ကိုင်းနယ်စပ်၊ ဟုမ္မလင်းမြို့နယ်၊ ဆယ်ဇင်းကျေးရွာအနီး တည်ဆောက်ထားသော SNA တပ်စခန်းတစ်ခုကိုလည်း တချိန်တည်းတွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော ကသိုဏ်းတောင်ကို ဩဂုတ်လ ၈ ရက်နေ့က စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း – SK

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ