စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်းတော်မြို့တွင် ယမန်နေ့က လိုင်စင်မဲ့ဆိုင်ကယ်  အများအပြားဖမ်းဆီးခဲ့ကာ တရားမဝင် ငွေကြေးကောက်ခံမှုများလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား – ရွှေဘိုလမ်းပိုင်း အင်းတော်မြို့အဝင်အထွက်ရှိ စစ်ကောင်စီဂိတ်များနှင့် မြို့အတွင်း ကားဖြင့်လှည့်လည်ကာ နံနက် ၈ နာရီခန့်မှ စတင်ကာ ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အင်းတော်ဒေသခံ လူငယ်တစ်ဦးက The 74 Media ကို ပြောသည်။

“အများကြီးအဖမ်းခံရတယ် တချို့ကျတော့လည်း ဆိုင်ကယ်တွေပြန်မပေးဘူး၊ သိမ်းသွားတာပေါ့။ တစ်ချို့ကျတော့လည်း တစ်စီးကိုငါးထောင် အဲဒီလိုရွေးရတာ တစ်သိန်းနဲ့ ရွေးခဲ့ရတာရှိတယ်။ ရှောင်တခင်ဝင်ပြီးတော့ ဖမ်းသွားတာဆိုတော့ တော်တော်များတယ် လာတဲ့လူတိုင်းဖမ်းခံရတယ်။ လိုင်စင်ပါတဲ့ဆိုင်ကယ်မရှိဘူးလေ အကုန်လုံး ဝစ်တောက်တွေကြီးပဲ” ဟုပြောသည်။

မြို့နယ်ပညာရေးရုံးရှေ့ အောင်ဇေယျရပ်ကွက် အင်းတော်ဟိုတယ်အနီးနှင့် သစ်ကွင်းရထားသံလမ်းကူး တံတားအနီးရှိ စစ်ဆေးရေးဂိတ်တွင်လည်း ရဲတပ်ဖွဲ့ဝင်၊ ယာဉ်ထိန်းရဲ၊ စစ်ကောင်စီတပ်သား နှင့် သတင်းပေး(အင်ဖော်မာ) များ နံနက် ၈ နာရီမှ ညနေ ၄ နာရီကျော်အထိ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ဆိုင်ကယ်များမှ အချို့ကို ငွေကြေးစိတ်ကြိုက်တောင်းယူကာ ပြန်လွတ်ပေးသော်လည်း အချို့ကို ပြန်လည်ရွေးယူခွင့်မပေးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“တချို့က ငါးထောင် တချို့လည်း တစ်သောင်းတွေရော နှစ်သောင်းတွေရော အစားစားပဲ။ တောင်းချင်သလို တောင်းတာ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ လူတွေလည်း စစ်ဆေးခံရတယ် ဘယ်ကလာတာလဲ ဘယ်သွားမလို့လဲ ဘာသွားလုပ်မှာလဲ။ လိုင်စင်နံပါတ်ပြားတွေပါရင်တောင် ဘာလို့ မှတ်ပုံတင်က မယူတာလဲဆိုပြီး မေးခွန်းတွေထုတ်တယ် မပါရင်က သုံးထောင်တဲ့” ဟုပြောသည်။

ဩဂုတ်လ ၁၉ ရက်နေ့ကလည်း အင်းတော်အင်းဘေးတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ် အစီးရေ ၅၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အင်းတောမြို့မ ရဲစခန်းသို့ သယ်ယူသွားသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

“ကုန်ထုတ်လမ်းခေါ်တာပေါ့ ဆေးသမားတွေ စုဝေးတဲ့နေရာ အရောင်းအဝယ်လုပ်တဲ့နေရာ။ လူတွေတော့ မဖမ်းဘူး ဆိုင်ကယ်ပဲ ဖမ်းသွားတာ ကားသုံးစီးတိုက်ရသွားတယ်။ ရဲစခန်းထဲကိုသယ်သွားတာ အခုချိန်ထိတော့ အရွေးမခံသေးဘူး” ဟုပြောသည်။

မူးယစ်ဆေးအရောင်းအဝယ်ပြုလုပ်သည့်နေရာတွင် ဖမ်းဆီးခံခဲ့ရသည့် ဆိုင်ကယ်များကို အင်းတော်မြို့ရှိ စစ်ကောင်စီတပ်ရင်း တပ်ခွဲများသို့ တစ်ဖွဲ့လျှင် သုံးစီးမှ ငါးစီးအထိ ပြန်လည်ဝေမျှနေသည်ဟု သိရကြောင်း ဒေသခံများက ပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသော အင်းတော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ယာဉ်တန်းများ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိပြီး တိုက်ခိုက်ခံရသည့် အချိန်တိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့ကား စစ်ဆေးဖမ်းဆီးမှုများပြုလုပ်လေ့ရှိသည်။

ကသားမြို့မှ အင်းတော်သို့ လက်နက်ရိက္ခာများတင်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းကိုလည်း ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြို့အဝင်အထွက်များတွင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့်မေလကလည်း အိမ်ထောင်စုစာရင်းနှင့် မိသားစုအရေအတွက်ကို လိုက်လံစစ်ဆေးနေပြီး နေအိမ်တွင် ရှိမနေသူများကို မြို့နယ်အတွင်း ရှိ၊ မရှိ တင်းကြပ်စွာစစ်ဆေးမှုပြုလုပ်ခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ