မိုးကောင်းမြို့ရှိ အထက်တန်းကျောင်းရှေ့တွင်စစ်ကားတစ်စီး ယနေ့ညနေ ၃ နာရီကျော်ခန့်က ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသူအချို့ရှိကြောင်း သိရသည်။

ဈေးကုန်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အရှေ့ဘက် ဂိတ်ပေါက်တွင် ကျောင်းကြိုရန် စောင့်ဆိုင်းနေသည့် စစ်ကားတစ်စီးကို လူငယ်လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး နေရာတွင်လဲကျသွားသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကို ကိုးကားပြီး ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

 

“သံလွင်တည်းခိုခန်းထောင့်ပေါ့ စစ်တပ်က ကျောင်းကြိုတဲ့ကားပေါ့နော်။ ပစ်သွားတဲ့အချိန်မှာ အဲ့ကျောင်းကြိုတဲ့ကားက စစ်သားနှစ်ယောက်လဲကျသွားတယ်လို့ ပြောတယ် မျက်မြင်တွေ့တဲ့သူက” ဟုပြောသည်။

 

ပစ်ခတ်သံ အချက်၂၀ ခန့်ကြားခဲ့ရပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောင်းရှေ့လမ်းကိုပိတ်ထားကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံလူငယ်တစ်ဦးက ပြောသည်။

 

“ကျောင်းက လေးနာရီလောက်မှဆင်းပေးခဲ့တာ။ လုံခြုံရေးတွေ ဘာတွေလုပ်နေတာနဲ့ ကျောင်းနားမှာလည်း ဖြစ်သွားတာဆိုတော့ လမ်းတွေက အခုထိတော့ပိတ်ထားသေးတယ်” ဟုပြောသည်။

 

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ဖြစ်ပွားပြီးနောက်တွင် မြို့တွင်း လှည့်လှည်ကာ စစ်ဆေးမှုများပြုလုပ်နေပြီး မိုးကောင်းမြို့ အရှေ့တောင်ဘက်သို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံကသိရသည်။

 

အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ပြီး လူမှုကူညီရေးအသင်းကားများဖြင် မိုးကောင်းဆေးရုံသို့ သယ်ဆောင်သွားသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး The 74 Media ကအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဂိတ်ထိုင်ကာ ငွေကြေးကောက်ခံလေ့ရှိသော မိုးကောင်းမြို့နယ် နမ္မတီးမြို့အဝင် ရှုခင်းသာကျောက်တောင်အထက် ကျားပြောင်းစက်သုံးဆီဆိုင်ရှေ့ရှိ ထမင်းဆိုင်းမှပိုင်ရှင်အမျိုးသား စစ်ကောင်စီတပ်အတွက် ပိုက်ဆံကောက်ခံပေးသောကြောင့်ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့က ပစ်ခတ်ခံခဲ့ရသည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့ကလည်း စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသည့် မိုးကောင်းမြို့နယ်၊ ဈေးကုန်းရပ်ကွက် ရာအိမ်မှူး ဦးစိုးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့သဖြင့် ‌သေဆုံးခဲ့သည်။

 

သတင်း – Thu Ta

ဓာတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ