တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရှမ်းနီအမျိုးသားလွတ်မြောက်ရေးတပ် (SNA) က ယနေ့ နံနက် ၁၁ နာရီခွဲခန့်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စုမှ ဒေသခံခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆယ်ဇင်းကျေးရွာအနီးတပ်စွဲထားသော SNA တပ်ဖွဲ့က နန့်ပုတ်ကျေးရွာရှိ ဈေးသို့ KPDF တပ်ဖွဲ့ဝင်များ ဈေးဝယ်လာသည်ဟုဆိုကာ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၂ နှစ်ခန့်အရွယ်ရှိ ဟောင်ပါးကျေးရွာနေ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“လူများတဲ့နေရာကို ပစ်ထည့်လိုက်တာ KPDF တွေ ဈေးလာဝယ်တာသတင်းရလို့ဆိုပြီး ပစ်ထည့်လိုက်တာလို့ ပြောနေကြတယ်။ လူအထိအခိုက်တော့ ရှိတယ်” ဟုပြောသည်။

ဈေးအနီးတွင်ရှိနေသည့် ပြည်သူ ခုနှစ်ဦးတွင် လက်နက်ကြီးစများထိမှန်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ထိခိုက်ပျက်စီးမှုများလည်းရှိကြောင်း အသက် ၅၈ နှစ်ခန့်အရွယ်ရှိ နန့်ပုတ်ကျေးရွာ ဒေသခံကပြောသည်။

“အိမ်ပျက်စီးတာလည်းရှိတယ်၊ ကျည်အစထိမှန်တဲ့သူတွေကတော့ ဟိုလိုဒဏ်ရာကြီးမားတာမျိုးတော့ မဟုတ်ဘူး။ အခုလောလောဆယ်တော့ ဆေးကုသပေးထားတယ်” ဟုပြောသည်။

လက်နက်ကြီး ထပ်မံပစ်ခတ်လာမည်ကို စိုးရိမ်သောကြောင့် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံအချို့လည်းရှိကြောင်း သူကဆက်ပြောသည်။

ဖားကန့်မြို့ ဆယ်ဇင်းကျေးရွာတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က SNA တပ်စခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့မှ စတင်ကာ စစ်ရေးတင်းမာနေခြင်းဖြစ်သည်။

သတင်း – SK

ဓါတ်ပုံ – Credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ