ကချင်ပြည်နယ်တွင် တစ်ပါတ်အတွင်း မူးယစ်ဆေးဝါး သိန်း ၁၀၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC)၏ အချက်အလက်များအရ သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သောင်းသုံးထောင်ကျော်နှင့် ဘိန်းဖြူ ၆၀၀ ဂရမ်ခန့်ကို ဗန်းမော်မြို့နယ်၊ မိုးညှင်းမြို့နယ်နှင့် မြစ်ကြီးနားမြို့သို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဗန်းမော်မြို့နယ်၊ တာမိုင်းလုံကျေးရွာနေ ဦးမျိုးမြင့်ဦး (ခ) အားသူဆိုသူ၏ နေအိမ်တွင် ဩဂုတ်လ ၁၃ ရက်နေ့က ကာလတန်ဖိုး ကျပ်သိန်း ၂၃၇ သိန်းကျော်ခန့်ရှိ ဘိန်းဖြူ ၅၉၄ ဂရမ်ကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၂ ရက်နေ့တွင်လည်း နောင်ချိုမြို့ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဖမ်းဆီးရမိသည့် ဘိန်းဖြူ၊ အိုက်စ်(မက်သ်အဖက်တမင်း)၊ စိတ်ကြွရူးသွပ်ဆေးပြားများ၏ ကွင်းဆက်အနေဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် ပါဝင်သည့် လဖိုင်ဇော်လတ်နှင့် အားလုံ(ခ) ဇော်အားလုံ (ခ) ဟိုက်ကျန်း ဆိုသူကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးပြီးနောက် အားလုံ(ခ) ဇော်အားလုံ (ခ) ဟိုက်ကျန်း၏ လယ်ကုန်းရပ်ကွက် နယ်မြေ (၁၃) ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ခန့်ကိုလည်း ဖမ်းဆီးရမိခဲ့ပြီး အသက် ၄၇ နှစ်ခန့်အရွယ်ရှိ စောဒယ်နီယယ်နှင့် အသက် ၄၃ နှစ်ခန့်အရွယ်ရှိ စောသက်ဦး(ခ) မောင်ဦးတို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မိုးညှင်းမြို့နယ် နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင်လည်း ဩဂုတ်လ ၁၀ ရက်နေ့က မန္တလေးမြို့မှ မြစ်ကြီးနားသို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်တွင် လိုက်ပါလာသည့် ဒေါ်ခင်စန်းဝေဆိုသူက ပလတ်စတစ်ခြင်းတောင်းဖြင့် သယ်ဆောင်လာသော ကာလတန်ဖိုး ကျပ်သိန်း ၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သောင်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအာဏာပိုင်များက မူးယစ်ဆေးဝါးဖမ်းဆီးမှုများသည် ပမာဏအလွန်နည်းပါးပြီး လက်ကားရောင်းသူ (ပမာဏများစွာရောင်းသူ) များကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း ကချင်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ကချင်ပြည်နယ်မှာ ဘိန်းဖြူတို့ စိတ်ကြွဆေးတို့ သုံးတဲ့သူထောင်နဲ့ချီရှိနိုင်လို့ ဒီပမာဏက များတယ်လို့ပြောလို့မရဘူး။ လက်ကားသမားတွေကို မဖမ်းဘူးဆိုတာ သူတို့ထုတ်ပြန်တဲ့အချက်အလက်ကိုကြည့်ရင် ပိုသိသာတယ်။ ကချင်ပြည်နယ်မှာ မူးယစ်ရဲဆိုရင် သူဋ္ဌေးတွေပဲလေ” ဟုဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲမှုအလွန်များလာသဖြင့် ခိုးဆိုးလုယက်မှုများ ပိုမိုဖြစ်ပေါ်လာသည်ကို ထိထိရောက်ရောက်ကိုင်တွယ်စေချင်သည်ဟု အသက် ၂၉ နှစ်အရွယ် ဗန်းမော်ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“ဆိုင်ကယ်ဆိုလည်း ခဏခဏပျောက်တယ်၊ တန်ဖိုးရှိတဲ့ဘာမဆို ခိုးခံရတာ ဒီနံပါတ်ဖော (ဘိန်းဖြူ) သုံးတဲ့သူတွေကြောင့်ပဲလို့ထင်တယ်။ ဒီထက်ပိုများများဖမ်းပေးစေချင်တယ်။ အခုက ကလေးကစားသလို ဖမ်းပြနေတာ” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့ လှုပ်ရှားနေကြသော်လည်း မူးယစ်ဆေးဝါးသုံးစွဲသူများ လျော့ကျစေရန်နှင့် ရောင်းဝယ်သူများလျော့နည်းလာစေရန် တားမြစ်ထိန်းချုပ်နိုင်ခြင်း မရှိကြပါ။

လူဦးရေ ၁၆ သိန်းရှိသည့် ကချင်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးနှင့် စိတ်ကြွရူးသွပ်ဆေးဝါးများ သုံးစွဲမှု ပိုမိုများပြားလာကြောင်း ကချင်ဒေသခံများထံမှ သိရသည်။

သတင်း – SK

ဓါတ်ပုံ – CCDAC MYANMAR

 

သင့်ထင်မြင်ချက်ရေးပေးပါ