ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြားရှိ ဇင်းဘုံကျေးရွာအနီးတွင် ယမန်နေ့က KIA ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများသို့ ယနေ့ နံနက် လေးနာရီခွဲမှ စတင်ကာ တစ်ဖက်သတ် ပစ်ခတ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဗန်းမော်မြို့နယ် မြလယ်ကျေးရွာကို တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံးသုံးကြိမ် ကြဲချပြီး ထိခိုက်ပျက်စီးမှု မသိရှိရသေးကြောင်း စင်းခန်းကျေးရွာမှ အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“လေယာဉ်နဲ့ လာချသွားတယ်။ လက်နက်ကြီးလည်း ပစ်တယ်။ စင်းခန်း(ရွာ)နားတစ်ဝိုက်ပဲ သိပ်တော့ မဝေးဘူး။ ရွာထိပ်နားလေးမှာ ဖြစ်နေတာ။ ပြည်သူအထိခိုက်တော့ မသိရသေးဘူး” ဟု ပြောသည်။

ဗန်းမော်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၄၇) တပ်က ယနေ့ နံနက် ၈ နာရီခန့်ထိ လက်နက်ကြီး အကြိမ်ရေ လေးဆယ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စာဝတီးကျေးရွာအနီး ငါးကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဗန်းမော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဆိပ်ကမ်းဖက်မှာ လေယာဉ်နဲ့ရော ဗုံးတွေကြဲတယ်။ ပစ်ခတ်တာကတော့ မနေ့ကတည်းကနေ တောက်လျှောက်ပဲ။ လေယာဉ်ကတော့ လာလိုက် သွားလိုက် လုပ်နေတယ်။ စားဝတီ(ရွာ)မှာ ကျလို့ ရွာသားတွေတောင်မှ အကုန် ထွက်ပြေးကုန်ကြပြီ” ဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KIA သတင်းရင်းမြစ် နှစ်ဦးထံမှ သိရသည်။

ဗန်းမော်မြို့၊ မြေနုခွန်သာရပ်ကွက် မြစ်ကမ်းဘေးရှိ မိုးမလင်းဈေးကိုလည်း စစ်ကောင်စီတပ်က ယနေ့ နံနက် ၂ နာရီခန့်က ပိတ်သိမ်းခိုင်းပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း ဒေသခံ ကားဆရာတစ်ဦးက ပြောသည်။

“ဆိပ်ကမ်းနား ပတ်ဝန်းကျင်ကိုလည်း မနေ့ညကတည်းက ရှင်းလင်းရေး လုပ်ထားတာ။ တချို့ ဈေးသည်တွေက ၂ နာရီဆို ခင်းပြီလေ၊ မိုးမလင်းဈေးလည်း ပိတ်သိမ်းခိုင်းတယ်၊ ကမ်းနားလမ်းကလေ။ သူတို့(စစ်ကောင်စီ)တွေ ဆိပ်ကမ်းတစ်ဝိုက် လုံခြုံရေးယူထားတယ်” ဟု သူက ပြောသည်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြလယ်၊ ကောင်းတုံ၊ စာဝတီး၊ ဘူးတောင်းကျေးရွာများတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

မြလယ်နှင့် ကောင်းတုံကျေးရွာမှ ဒေသခံပြည်သူများသည် ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ကစပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

မန္တလေးမြို့မှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသော စစ်ကောင်စီ သင်္ဘော ၉ စီးကို မြစ်ကြောင်းတစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် ဗန်းမော်မြို့၊ စင်းခန်းကျေးရွာ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားကြောင်း သိရသည်။

သတင်း – Pan Soon

ပုံ – ဧရာဝတီတံတား(စင်းခန်း) အောက်တွင် ရပ်နားထားသော စစ်ကောင်စီ သင်္ဘောအချို့ကို တွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ