စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားသောကြောင့် ဗန်းမော်မြို့နယ်အတွင်းရှိ အိမ်ထောင်စု ၁၀၀၀ ကျော်ခန့် ဩဂုတ်လ ၁၆ ရက်နေ့မှစတင်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

စင်းခန်းကျေးရွာရှိ ဒေသခံပြည်သူများက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးသတ်ဖြတ်မှုများကြုံတွေ့ရမည့် အန္တရာယ်ရှိသဖြင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီး အဂျီးက The 74 Media ကိုပြောသည်။

“ဘယ်သူမှမနေရဲဘူးလေ။ အောက်ပိုင်းတွေမှာရော အရင်ကရော သူတို့က မြင်တဲ့သူတွေကို သတ်တာတွေလုပ်တော့ မနေရဲဘူးလေ မယုံဘူးလေ။ လူငယ်တွေနဲ့ ယောကျ်ားသားတွေဆိုလဲ ပြေးကုန်ပြီ” ဟု သူကပြောသည်။

ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ထွက်သွားလာနေသောကြောင့် ထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်ကြောင်း အသက် ၂၃ နှစ်ခန့်အရွယ်ရှိ လူငယ်တစ်ဦးက ပြောသည်။

“သူတို့လုံခြုံရေးယူတဲ့ ခြေတပ်တွေပါ့အေ သူတို့ကရွာတွေမှာ လိုက်ဝင်နေပြီဆိုတော့ ရွာထဲကလူငယ်တွေ ကောင်လေးတွေက တောထဲပြေးကုန်ကြပြီလေ” ဟုသူကပြောသည်။

လက်ရှိကျေးရွာအတွင်း လမ်းမလျှောက်နိုင်သော အဖိုးအိုနှစ်ဦးသာ ကျန်ရှိတော့ကြောင်း ဒေသခံအချို့၏ ပြောပြချက်အရသိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံပြည်သူများကို နေရပ်သို့ ပြန်လာနေထိုင်ရန်နှင့် တောတွင်းတွေ့ရှိပါက ပစ်သတ်မည်ဖြစ်ကြောင်း ဗူးတောင်ကျေးရွာ ဥက္ကဋ္ဌကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြောကြောင်း သူကဆက်ပြောသည်။

“မနေ့ညတော့ စစ်သားတွေဗူးတောင်ရွာကို ဆိုင်ကယ်နဲ့တက်တယ်။ ဥက္ကဋ္ဌကို ဘယ်အချိန် ဘယ်လိုခေါ်ပြောလဲတော့ အတိအကျမသိဘူး။ ဒီမနက်မှ တောမှာမနေကြနဲ့ ရွာပြန်နေကြ တောမှာနေရင် တွေ့တဲ့နေရာမှာပစ် သတ်မယ်ဆိုပြီးပြောလာတယ်ဆိုပြီး ဥက္ကဋ္ဌကဖုန်းဆက်လာတာ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းဝင်ရောက်တပ်စွဲထားခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၏ ဆိုင်ကယ်များကို စီးနင်းကာ ဒေသခံပြည်သူများကို ဖမ်းဆီးရိုက်နက်မှုများပြုလုပ်နေကြောင်း ဒေသခံပြည်သူများက ပြောသည်။

လက်ရှိ စင်းခန်းကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောကိုးစီးဖြင့် ရောက်ရှိလာသူများဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ နံနက် ၈ နာရီခန့်ကလည်း စင်ဘုံးကျေးရွာအနီးတွင် KIA နှင့် KPDF ပူးပေါင်းတပ်တို့က သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

သတင်း – HN

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ