ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ KTV ဆိုင်မှ မန်နေဂျာတစ်ဦး ယမန်နေ့ည ၁၀ နာရီခန့်က ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

လက်နက်ကိုင်ဆောင်ထားသည့် လူငယ်နှစ်ဦး ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး Green City (KTV) အတွင်း ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု အမည်အဖော်လိုသူ ဆိုင်ဝန်ထမ်းတစ်ဦးက The 74 Media ကိုပြောသည်။

“သေနတ်သံမကြားရခင်အထိတော့ ဂျာကြီးက ဝန်ထမ်းတွေနဲ့ စကားပြောနေတာတွေ့တယ်။ ဧည့်သည်မှာထားတဲ့ အစားအစာတွေ သွားချတဲ့အချိန် သေနတ်သံလေးချက်ကြားရတော့တာပဲ။ အလန့်တကြားထွက်ကြည့်တော့ ဂျာကြီးက ကြမ်းပြင်ပေါ်လှဲကျနေပြီ။ လာပစ်သွားတဲ့သူတွေက ခပ်ငယ်ငယ်ကောင်လေးတွေပဲ” ဟုပြောသည်။

သေဆုံးသူမှာ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

“အလောင်းကိုက အခုလောလောဆယ်ထိ ဖားကန့်ရင်ခွဲရုံမှာ ထားထားတယ်။ ဦးနှောက်ပွင့်ထွက်သွားတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ Green City (KTV) ကိုပိတ်ထားကြောင်း ဒေသခံများထံက သိရသည်။

ဖားကန့်မြို့ မှော်ရှန်ကျေးရွာရှိ ရှင်းရင် (KTV) ပိုင်ရှင် မဖြူဆိုသူကိုလည်း ဇူလိုင်လ ၉ ရက်နေ့က အမည်မသိ လက်နက်ကိုင်အမျိုးသားသုံးဦးက လာရောက်ခေါ်ဆောင်သွားပြီး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ရုပ်အလောင်းကိုသာ ပြန်လည်ရရှိခဲ့သည်။

ဖားကန့်မြို့နယ်တွင် ပိုင်ရှင်မဲ့အလောင်းများနှင့် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ မကြာခဏ တွေ့ရှိရပြီး ပြီးခဲ့သည့် ယမန်နေ့ကလည်း ယူမာကျေးရွာရှိ ကျောက်မျက်ဈေးနှင့် တံတားအနီးတို့တွင် အမျိုးသားနှစ်ဦး လက်ပြန်ကြိုးတုတ်ကာ မျက်လုံးကို ပုဆိုးစဖြင့်စီးပြီး ဦးခေါင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံထားသော ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိခဲ့သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ