လက်ပြန်ကြိုးတုတ်ကာ ဦးခေါင်းတွင်သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ဖားကန့်မြို့ ယူမာကျေးရွာအတွင် ယနေ့ နံနက်က တွေ့ရှိခဲ့ကြောင်း သိရသည်။

ယူမာကျေးရွာဆိုင်းဘုတ်အနီးနှင့် ဖားကန့်ကျောက်မျက်ဈေးရှေ့တွင် ယမန်နေ့ည ၁၀ နာရီခန့်က လာရောက်ပစ်ချသွားကြခြင်းဖြစ်ပြီး သေဆုံးခဲ့သူမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း အသက် ၃၆ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အလောင်းတွေကို တစ်နေရာစီပစ်ချသွားတာ နှစ်လောင်းလုံးကို လမ်းမကြီးဘေးနားတွေပဲထားခဲ့တာ။ ညကတည်းကနေတွေ့တာလို့ပြောတယ်။ ကြောက်တာနဲ့ ဘယ်သူမှသွားမထိရဲကြဘူး” ဟုပြောသည်။

အဆိုပါရုပ်အလောင်းနှစ်ခုကို မျက်လုံးတွင် ပုဆိုးစများဖြင့်စည်းကာ သတ်ဖြတ်ထားခြင်းဖြစ်ပြီး ရင်ဘတ်တွင် “စစ်ခွေး၊ သူခိုး၊ ဓားပြ” ဟု စာများချိတ်ဆွဲထားသည်ဟု အသက် ၂၂ နှစ်ခန့်အရွယ်ရှိ ဆိပ်မူကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“မနက်က လမ်းသွားရင်းတွေ့လိုက်တယ်။ မျက်လုံးတွေကိုလည်း ပုဆိုးစနဲ့ စည်းထားပေးတယ်။ လည်ပင်းမှာလည်း စာတွေချိတ်ထားပေးတယ်။ မသေခင်တော်တော်နှိပ်စက်ခံထားရလောက်တယ်” ဟုပြောသည်။

သတ်ဖြတ်ခံရသူနှစ်ဦးမှာ လက်ကို ဇစ်ကလစ်များဖြင့် ချည်နှောင်ခံထားရခြင်းဖြစ်ပြီး ရုပ်အလောင်းများကိုလည်း သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်တွင် မည်သည့်အဖွဲ့အစည်းက သတ်ဖြတ်သွားသည်ကို အတည်ပြုနိုင်ရန် The 74 Media က စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့ ဆိပ်မူကျေးရွာအနီးတွင်လည်း ဩဂုတ်လ ၂ ရက်နေ့က အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး လည်ပင်းတွင်နွယ်ကြိုးများဖြင့် ချည်ခံထားရသောဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

ဖားကန့်မြို့နယ်တွင် ပိုင်ရှင်မဲ့အလောင်းများနှင့် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ မကြာခဏ တွေ့ရှိရပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့ကလည်း စပျစ်ကူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်လင်းကို အမည်မသိအမျိုးသားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာရန်ပုံငွေဖြင့် ဝယ်ယူထားသော ကားနှင့်အတူ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကာ ပစ်သတ်ခဲ့သည်။

သတင်း – SK
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ