စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသော ယင်းမာပင်မြို့နယ်မှ ဒေသခံလေးဦး၏သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ ယနေ့ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

လည်ငေါက်ကျေးရွာဒေသခံသုံးဦးကို ဩဂုတ်လ ၇ ရက်နေ့က ဓားစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး သေဆုံးနေသည့် ရုပ်အလောင်းကို မြောက်ယမားချောင်းအတွင်း ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မြေပြင်သတင်းထောက်လှမ်းနေသူ ကိုမြတ်ကိုးက The 74 Media ကိုပြောသည်။

“စစ်ကြောင်းထိုးတာတော့ ဆက်တိုက်ရှိတယ်။ ပုလဲနယ်ကနေ ဝင်လာတဲ့စစ်ကြောင်းက ယင်းမာပင်မြို့နယ်က ပြည်သူလေးယောက်ကို ဖမ်းသွားတယ်။ ပုသိမ် – မုံရွာလမ်း ယမားတံတားပေါ်မှာ သတ်ခဲ့တယ်” ဟုပြောသည်။

ဘိန်းနွယ်ချောင်ကျေးရွာနှင့် ကံကုန်းရွာအကြားတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် နှစ်ဦး၊ ၁၀ နာရီခွဲခန့်တွင် တစ်ဦးနှင့် ညနေ ၆ နာရီခန့်တွင် တစ်ဦးတို့၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းမာပင်မြို့နယ် လူသားစာနာတာဝန်ခံက ပြောသည်။

“ရေထဲမှာတွေ့တာ တစ်ယောက်ကတော့ ရုပ်ပျက်နေတယ်။ နောက်ဆုံးတစ်ဦးက ကံကုန်းကျေးရွာ ချောက်ထဲကတွေ့တာ၊ နှိပ်စက်သတ်ဖြတ်ထားတာ ရုပ်ပျက်နေပြီ။ မိသားစုတွေက လက်ကဝတ်ထားတဲ့ လက်ကောက်နဲ့ အရပ်အရအတည်ပြု။ လည်ပင်းမှာ ဓားနဲ့ထိုး ခေါင်းကို သေနတ်နဲ့ ပစ်ထားတယ် မျက်နှာတွေ၊ လည်ပင်းတွေ ရစရာမရှိဘူး” ဟုပြောသည်။

အဆိုပါလေးဦးမှာ လည်လှီးထားသော ဒဏ်ရာ၊ လည်ပင်းတွင် ဓားထိုးဒဏ်ရာ၊ ညာလက်ကျိုးထားသည့် ဒဏ်ရာနှင့် သေနတ်ကျည် ထိမှန်ထားသော ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အလောင်းဆယ်ရာတွင်ပါဝင်ခဲ့သူ ကိုမုန်တိုင်းက ပြောသည်။

“နောက်ဆုံးတွေ့ခဲ့တဲ့အလောင်း ညာဖက်လက်ရိုက်ချိုးထားတယ်၊ ဘယ်ဖက်မျက်လုံးလည်း မတွေ့ဘူး၊ ဘယ်ဖက် ရင်ဘတ်ပေါ်မှာ သေနတ်နဲ့ ပစ်ထားတာ။ အလောင်းက ကိုင်ဖို့ သွယ်ဖို့မကောင်းတော့ဘူး ပုဆိုးမှာပဲကိုင်ပြီး ဆွဲလာခဲ့တာ။ တံတားပေါ်မှာသတ်ပြီး ရေထဲပစ်ချတဲ့သဘောရှိတယ် တံတားဘောင်မှာ သွေးတွေစွန်းနေတယ်” ဟုပြောသည်။

သတ်ဖြတ်ခံခဲ့ရသည့် အသက် ၄၄ နှစ်ခန့်အရွယ်ရှိ ကိုသိန်းဝေ၊ အသက် ၄၇ နှစ်ခန့်အရွယ်ရှိ ကိုကျော်ဉာဏ်၊ အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ကိုဇော်နှင့် အသက် ၂၁ နှစ်ခန့်အရွယ်ရှိ ကိုဇော်မျိုးခိုင်တို့၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယင်မာပင်မြို့နယ်၊ ပေကုန်းကျေးရွာကိုလည်း ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဆယ်နှစ်ခန့်အရွယ်ရှိ ကလေးငယ်တစ်ဦး သေဆုံးသွားပြီး ငါးဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။

လည်ငေါက်ကျေးရွာအုပ်စုတွေ ကျေးရွာနှစ်ရွာရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ နှစ်ထောင်ခန့် နေထိုင်သည်။

သတင်း – Dureng

ဓါတ်ပုံ – ယင်းမာပင်မြို့နယ်လူသားစာနာတာဝန်ခံ

သင့်ထင်မြင်ချက်ရေးပေးပါ