စစ်ကောင်စီနှင့် ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေသောကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

အင်အား ၁၅၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာချိန် သာစည်ကျေးရွာအနီးတွင် ယမန်နေ့ နံနက် အစောပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“မနက်စောစော မြေပြင်စစ်ကြောင်းနဲ့ အရင်ဝင်တာ။ သူတို့အထိခိုက်များတယ်လို့ထင်တာပဲ အတိအကျတော့ အတည်မပြုနိုင်သေးဘူး။ ကိုးနာရီခွဲလောက်မှာတော့ Mi 35 လေယာဉ်နဲ့ တစ်နာရီလောက်ပစ်ကူတယ် လက်နက်ကြီးတွေနဲ့ ထုတာ တစ်အုန်းအုန်းပဲ။ အခုက နှစ်ဖက်အပြန်အလှန်စောင့်ကြည့်နေရတယ်” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးရမ်းသမ်းပစ်ခတ်ကာ ကျေးရွာအတွင်းဝင်ရောက်ခဲ့သောကြောင့် ဒေသခံများက နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်ကြောင်း အသက် ၃၀ နှစ်ခန့်အရွယ်ရှိ သာစည်ကျေးရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရွာထဲကို မနက်လင်းကတည်းက ပစ်နေတာ။ မြို့ထဲကနေလည်း ပစ်တယ်။ သူတို့စစ်ကြောင်းထိုးတဲ့နေရာကနေလည်း ပစ်တယ်။ ပတ်ခြာလည် ပစ်နေတာ လေယာဉ်နဲ့လည်း ပစ်တာနော်” ဟုပြောသည်။

ကလေးမြို့နှင့် အနီးဆုံးတွင်တည်ရှိသော သာစည်ကျေးရွာကို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်လေ့ရှိသောကြောင့် အချို့သောဒေသခံပြည်သူများက ပြီးခဲ့သောနှစ်မှစတင်ကာ ကလေးမြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်နေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ကလည်း အင်အားတိုးချဲ့မှုများ ဆက်လက်ပြုလုပ်နေသောကြောင့် စစ်ရေးဆက်လက်တင်းမာနေပြီး ဆက်လက်တိုက်ပွဲဖြစ်လာနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

ပြီးခဲ့သည့်ဩဂုတ်လ ၁၂ ရက်နေ့ကလည်း ကလေးမြို့နယ်၊ ကျွန်းချောင်းကျေးရွာဒေသခံ သားအမိနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ကာမီးရှို့ထားခဲ့သည်။

သာစည်ကျေးရွာပါရှိသည့် သာစည်ကျေးရွာအုပ်စုတွင် ကျေးရွာ ၁၂ ရွာပါရှိပြီး ၂၀၁၄ သန်းခေါင်းစာရင်းအရ လူဦးရေ တစ်သောင်းနှစ်ထောင်ခန့် နေထိုင်သည်။

သတင်း – Dureng

ဓါတ်ပုံ – စစ်ဘေးရှောင်ကူညီရေးအဖွဲ့ – ကလေးဒေသ

သင့်ထင်မြင်ချက်ရေးပေးပါ