ကျောက်စိမ်းတူးဖော်နေသည့် ကမ်းပါးပြိုချခဲ့ရာမှရေလှိုင်းရိုက်ခတ်သဖြင့် မျောပါပျောက်ဆုံးခဲ့သူများထဲမှ ရုပ်အလောင်း ၃၃ လောင်းကို ပြန်လည်တွေ့ရှိထားပြီဖြစ်ကြောင်းသိရသည်။

ဖားကန့်မြို့ မနကျေးရွာရှိ ကျောက်စိမ်းသစ်ရွက်လုပ်ကွက်တွင် ယနေ့ နံနက် ၇ နာရီခန့်မှ စတင်ရှာဖွေခဲ့ရာတွင် ၇ လောင်းကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြေစာနှင့် ပိနေသည့် ရုပ်အလောင်းများကို ပြန်လည်ရရှိရန် ခက်ခဲနိုင်သည်ဟု မေတ္တာနာရေး ကူညီမှုအဖွဲ့(ရှရော်ခ)မှ အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အလောင်းတွေက ဆက်တိုက်ပေါ်လာတာ။ ရေကန်ကလည်းကျယ်တော့ တစ်နေရာနဲ့တစ်နေရာက သွားယူရတာဝေးတယ်။ အခုပေါ်လာတဲ့သူတွေက ရေဝပြီး ဖောင်းတက်လာလို့ပေါ်လာတာ။ ပြိုတဲ့အောက်ဘက်တူးတဲ့ လူတွေတော့ တော်ရုံနဲ့မပေါ်လာနိုင်ဘူး မြေစာကပိနေမှာဟုတ်တယ်” ဟုပြောသည်။

တွေ့ရှိခဲ့သော်ရုပ်အလောင်းများမှ နှစ်ဆယ့်ရှစ်လောင်းကို သင်္ဂြိုဟ်ပြီးဖြစ်ပြီး ကျန်ပိုင်ရှင်မဲ့ ၅ လောင်းကိုလည်း မီးသင်္ဂြိုဟ်ရန် စီစဉ်နေကြောင်း လူပျောင်းစာရင်းကိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

“ပိုင်ရှင်ရှိတဲ့ဟာတွေကိုတော့ ချက်ချင်းသင်္ဂြိုဟ်လိုက်တာပေါ့ အခုလို အလောင်းတွေက ပုပ်ပွပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတော့ ပိုင်ရှင်တွေက မမှတ်မိတော့တာ။ တခြားအမှတ်အသားတွေနဲ့ သူ့လူကိုယ့်လူဆိုပြီး ခွဲနေရတော့တာ” ဟုပြောသည်။

ယမန်နေ့ညနေ ၆ နာရီအထိ ရုပ်အလောင်း ၂၆ လောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်လည်း ရှာဖွေမှုကိုလည်း ဆက်လက်လုပ်ဆောင်နေကြောင်း လူမှုကူညီရေးအသင်းဝင်များထံက သိရသည်။

လက်ရှိရုပ်အလောင်းတွေ့ရှိထားသူများမှာ ဖားကန့်မြို့နယ် မနကျေးရွာအနီးရှိလုပ်ကွက်တွင် ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွှဲ ၃ နာရီခန့်က မြေပြိုကျချိန် ရေလှိုင်းပုတ်ခတ်မှု‌ကြောင့် ပျောက်ဆုံးခဲ့သည့် နွံကန်ဘေးတွင် လက်ကျင်းတူးနေသူများနှင့် ရေမဆေးကျောက်ရှာဖွေသူများဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးရှိခဲ့သည့်။

ဖားကန့်မြို့ မော်မောင်းဘွမ်းကျေးရွာတွင်လည်း ဩဂုတ်လ ၄ ရက်နေ့က ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေနေသူတစ်ဦး သေဆုံးခဲ့ရသည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ