စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသော ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှ ပြည်သူ ၃၂ ဦး ယနေ့အထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

ဖားကန့် – မြစ်ကြီးနားလမ်းရှိ နန့်ယားကျေးရွာမှ ဩဂုတ်လ ၂၄ ရက်နေ့က လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်သွားသူများတွင် အထက်တန်းကျောင်းသားနှစ်ဦးပါဝင်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ရွာထဲကတော့ နှစ်ယောက်ပါတယ်။ တစ်ခြားဧည့်သည်တွေအများကြီးပါပြီး အသက်မပြည့်သေးတဲ့ ကျောင်းသား နှစ်ယောက်လည်းပါသွားတယ်” ဟုပြောသည်။

အဆိုပါနှစ်ဦးမှာ ကပ်မှော်ဇွပ်ကျေးရွာမှ စစ်ရှောင်လာသည့် အသက် ၁၆ နှစ်ခန့်အရွယ်ရှိ ရှစ်တန်းကျောင်းသားနှင့် အသက် ၁၇ နှစ်ခန့်အရွယ်ရှိ ကိုးတန်းကျောင်းသားတို့ဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးခံထားရသူ ၃၂ ဦးတွင် ခရီးသွားပြည်သူများ ပိုမိုပါဝင်နေသည်ဟု ရပ်မိရပ်ဖ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဘုရားကျောင်းဝင်းထဲက ကျောင်းသားနှစ်ယောက်၊ KBC ဆရာတစ်ယောက်နဲ့ အင်ဂျင်နီယာနှစ်ယောက် အားလုံးပေါင်း ငါးယောက်ပါတယ်။ လမ်းပေါ်ကဆွဲသွားတာက ပိုများတယ် ဧည့်သည်တွေပိုများတာပေါ့” ဟုပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသူများ ပြန်လည်လွတ်မြောက်လာရန် ကျေးရွာရပ်မိရပ်ဖများနှင့် သက်ဆိုင်ရာများပူးပေါင်းကာ ဆောင်ရွက်နေကြောင်း ကျေးရွာတာဝန်ရှိသူတစ်ဦးထံက သိရသည်။

အဆိုပါပြည်သူများကို စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံခြေမြန်တပ်ရင်း (ခမရ ၁၂) စစ်ကြောင်းက ဩဂုတ်လ ၂၄ ရက်နေ့က လက်နက်ခဲယမ်းနှင့် ရိက္ခာများသယ်ဆောင်ရန် ဒေသခံ အယောက် ၂၀ ခန့်ပေးရန်တောင်းရာမှ ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဖားကန့်မြို့နယ်သို့ စစ်ကြောင်းထိုးလာသောအဆိုပါစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဩဂုတ်လ ၂၂ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကြောင့် ဒေသခံပြည်သူအမျိုးသမီးတစ်ဦး ပေါင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲကြောင့် ဩဂုတ်လ ၂၃ ရက်နေ့က ကာမိုင်း – ဖားကန့်လမ်းပိုင်းကို KIA က ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့သဖြင့် နန့်ယားကျေးရွာတွင် ခရီးသွားပြည်သူ ၁၀၀၀ ခန့်နှင့် ကားအစီးရေ ၃၀၀ ထက်မနည်းပိတ်မိခဲ့သည်။

ဖားကန့်မြို့နယ်ရှိ ပျားအုံကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီခန့်ကလည်း ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း – HN

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ