မြစ်ကြီးနား – တနိုင်း သွားရာလမ်းပိုင်းရှိ အချို့နေရာများတွင် မိုးရွာသွန်းမှုကြောင့် ဩဂုတ်လ လဆန်းပိုင်းမှစပြီး ဆိုးဝါးစွာ ပျက်စီးနေသောကြောင့် သွားလာရေးခက်ခဲနေကြောင်း သိရသည်။

နောင်းမီကျေးရွာနှင့် ဝါရာဇွပ်ကျေးရွာကြားလမ်းပိုင်းတွင် ဆိုးဝါးစွာပျက်စီးနေသောကြောင့် အခြားလမ်းဖြစ်သော ယခင်ယုဇနကုမ္ပဏီရှိရာ လမ်းမှတစ်ဆင့်သွားလာနေရကြောင်း ခရီးသည်ယာဉ်မောင်း သက်တမ်း ၁၀ နှစ်ကျော်ခန့်ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။

“လမ်းက အတော်ဆိုးတယ်၊ ရွှံ့ဗွက်တွေထဲကနေ ကားတွေ ဆွဲထုတ်ရတာလ၊ ထွန်စက်တွေနဲ့ပဲ။ ကားကို မထွက်ချင်တော့ဘူး။ နောင်းမီရွာအဝင်၊ ကုက္ကိုမှာရယ်၊ ဝါရာဇွပ်ကတော့ တစ်ကြောလုံး ဆိုးတာ ကားအသေးတောင် သွားမရဘူး။ ယုဇနကုမ္ပဏီလမ်းကနေပဲ ပြန်သွားရတယ်၊ ကုမ္ပဏီထဲမှာတောင် နှစ်ခါ ဆွဲထုတ်ရတယ်” ဟုပြောသည်။

ယုဇနကုမ္ပဏီဟောင်း လမ်းတွင်လည်း လမ်းပိုင်းနှစ်နေရာတွင် ဗွက်အိုင်များဖြင့် ပျက်စီးနေပြီး ထွန်စက်များ ဆွဲတင်ခ ခရီးသည်ယာဉ်တစ်စီးလျှင် ကျပ်ငွေ သုံးသောင်းနှင့် မှန်လုံကား တစ်စီးလျှင် ကျပ်ငွေ တစ်သိန်းခန့် ပေးဆောင်ရကြောင်း သူက ပြောသည်။

လီဒိုလမ်းမကြီး အချို့လမ်းပိုင်းနေရာများ ပျက်စီးမှုကြောင့် ယာဉ်ပိတ်ဆို့မှုများရှိနေပြီး ယခင်က ၆ နာရီခန့်မောင်းနှင်သောခရီးကို တစ်ညအိပ်ခရီးအဖြစ် သွားလာနေရကြောင်း အဝေးပြေးယာဉ်မောင်းဂိတ်မှူးတစ်ဦးက ဆိုသည်။

“ကားတွေက မြစ်ကြီနားက တက်လာရင် တစ်ည အိပ်နေရတာ။ တနိုင်းကနေ ဆင်းလာရင် ကားကြီးတွေ လမ်းမပိတ်ဘူးဆိုရင် ဆွဲသွားရင်တော့ ရောက်တာပေါ့နော်။ မြစ်ကြီးနားက တက်လာရင်တော့ မရဘူး၊ တစ်ညကို အိပ်ရတာ။ မြေလမ်းဆိုတော့ မိုးရွာတော့ ကားကြီးတွေက ကုန်တွေနဲ့ သွား၊ သူတို့လည်း မရုန်းနိုင်၊ ကားသေးတွေက သွားလို့ မရဖြစ်တာပေါ့” ဟု ပြောသည်။

မြစ်ကြီးနား-တနိုင်း ခရီးသည်ယာဉ်ပြေးဆွဲနေသူများက ခရီးလမ်းတစ်လျှောက် စစ်ကောင်စီဂိတ်များဖြစ်သည့် အကြဲကျေးရွာဂိတ်၊ မရန်ကထောင်ဂိတ်၊ ရှဒူးဇွပ်ကျေးရွာအဝင် ပြည်သူ့စစ်ဂိတ်နှင့် တနိုင်းမြို့အဝင် စုပေါင်းဂိတ်တို့တွင် ကျပ်ငွေ သုံးသောင်းကျော် ပေးဆောင်ကာ ဖြတ်သန်းနေရကြောင်း သိရသည်။

ကချင်ပြည်နယ်ဒေသခံများက လီဒိုလမ်းဟုခေါ်ဆိုကြသည့် မြစ်ကြီးနား-တနိုင်းလမ်းမကြီးကို ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့ခြင်းဖြစ်ကာ အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့ စစ်ပစ္စည်းများတင်ပို့ရန် ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိအသုံးပြုနေဆဲဖြစ်သော်လည်း ပြင်ဆင်ထိန်းသိမ်းမှုများအားနည်းသဖြင့် ဆိုးဝါးစွာပျက်စီးခဲ့ရခြင်းဖြစ်သည်။

မိုင်ပေါင်း ၁၁၀ ကျော်ကွာဝေးသည့် မြစ်ကြီးနား-တနိုင်းခရီးစဉ်အတွက် လက်ရှိအချိန်တွင် ယာဉ်စီးခအဖြစ် ခရီးသည်တစ်ဦးလျှင် ကားနောက်ခန်း သုံးသောင်းကျပ်နှင့် ကားရှေ့ခန်း လေးသောင်းကျပ် ပေးဆောင်ရကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ