ဝိုင်းမော်မြို့မှ သိန်းထောင်ချီ ဓားပြတိုက်မှုမှ ကျူးလွန်သူအချို့ကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

ဓားပြတိုက်ရာတွင် ယူဆောင်သွားသည့် အဲပဲလ် (Apple) အမှတ်တံဆိပ် i-Phone ကို ခြေရာခံကာ လိုက်လံရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တစ်ဦးမှာ ဖမ်းဆီးစဉ်ထွက်ပြေးရန်ကြိုးစားခဲ့သောကြောင့် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ကာ သေဆုံးခဲ့သည်ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“မိတဲ့လေးယောက်မှာ တစ်ယောက်က သေဆိုတော့ သုံးယောက်က အရှင်မိတာပေါ့။ နှစ်ယောက်ကတော့ လွတ်နေတုန်း။ တစ်ယောက်က ထွက်ပြေးလို့ သေနတ်နဲ့ပစ်တာ နောက်ကျော၊ လည်ပင်းထိလို့ တစ်ခါတည်း သေလား၊ ဆေးရုံမှာရောက်မှ သေလားတော့မသိဘူး” ဟုပြောသည်။

ဖမ်းဆီးရမိထားသူများတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှ တစ်ဦးနှင့် တပ်ကုန်းရပ်ကွက်မှ တစ်ဦးပါဝင်သည်ဟု သူကပြောသည်။

ပြစ်မှုကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိစဉ် သေနတ်အတိုတစ်လက်လည်း သိမ်းဆည်းရရှိခဲ့သည်ဟု အမှုဖွင့်တိုင်ကြားထားသော ဝိုင်းမော်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောသည်။

“သုံးယောက်မိတယ် ကျန်တာတော့ မမိသေးဘူး။ မနေ့က ယူလာတော့ ပစ္စတိုလည်းပါတယ်။ ထိန်းသိမ်းတာတော့ ဒီကနေ့ရမန်ယူမလား မသိဘူး။ အမှုကတော့ ဓားပြမှုနဲ့ဖွင့်ထားတာ” ဟုပြောသည်။

လက်ရှိ အမှုဖွင့်တိုင်ကြားထားသော ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၉၅) မှာ မည်သူမဆိုဓားပြမှုကို ကျူးလွန်လျှင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဆယ်နှစ်အထိဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

ဖမ်းဆီးမှု၊ အမှုအခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မြစ်ကြီးနား ခရိုင်ရဲတပ်ဖွဲ့ရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ဖြစ်စဉ်မှာ ဝိုင်းမော်မြို့နယ်၊ သာဂရ အမှတ် (၅) ရပ်ကွက်ရှိ ဦးမိုးကျော်ထွန်း၏ နေအိမ်ကို ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့က ပစ္စတိုနှစ်လက်ကိုင်ဆောင်ထားသည့် မျက်နှာဖုံး (Mask) များ ဝတ်ဆင်ထားသည့် လူငယ်ခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး စစ်ဆေးစရာရှိသည်ဟုဆိုကာ အိမ်အတွင်းရှိနေသူများကို ကြိုးတုပ်ခဲ့သည်။

ထို့နောက်အိမ်ရှင်အမျိုးသမီးရောက်လာချိန် မီးခံသေတ္တာဖွင့်ခိုင်းပြီး မြန်မာကျပ်ငွေသိန်းလေးထောင်၊ တရုတ်ယွမ်ငွေ ရှစ်သောင်းခန့်၊ ရွှေတစ်ကျပ်သား လက်စွပ်တစ်ကွင်း နှင့် ဖုန်းခုနှစ်လုံး အပါအဝင် နွားလာရောင်းသူထံမှလည်း ငွေကျပ် ၅၂ သိန်းနှင့် ဆိုင်ကယ်တစ်စီးကိုလည်း ယူဆောင်သွားခဲ့သည်။

ဝိုင်းမော်မြို့နယ် သာဂရပ်ကွက်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့ကလည်း အမှတ် ၃ ရပ်ကွက် အောင်ချမ်းသာ ဘုန်းကြီးကျောင်း အနောက်ဘက်ခြမ်းတွင် လေးခွနှင့် ဓားများကိုင်ဆောင်ထားသော အမျိုးသားနှစ်ဦးက အမျိုးသမီးတစ်ဦး မောင်းနင်လာသည့် ဆိုင်ကယ်ကို လုယက်မှု ဖြစ်ပွားခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ