ဖားကန့်မြို့ မနကျေးရွာအနီး ကမ်းပါးပြိုကျသဖြင့် ရေလှိုင်းနှင့်အတူမျောပါ ပျောက်ဆုံးနေသူများမှ ရုပ်အလောင်း ၁၁ လောင်းကို ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီခန့်မှ မွန်းတည့် ၁၂ နာရီခန့်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နှစ်ဦးသာအမည်သိရှိရပြီး ကျန်သူများမှာ ပိုင်ရှင်မဲ့ရုပ်အလောင်းဖြစ်နေသည်ဟု အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ရှရော်ခကျေးရွာနေ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အလောင်းတွေက ရေဝသွားမှ ပေါ်လာမှာ။ အခုပေါ်လာတာတွေကလည်း ပုပ်ပွပြီးမှ အပေါ်ကိုတက်လာတာ တစ်လောင်းပြီးတစ်လောင်းပေါ်နေတာ” ဟုပြောသည်။

လက်ရှိအချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေသောကြောင့် ရုပ်အလောင်းရှာဖွေရာတွင်လည်း သတိထားဆောင်ရွက်နေရကြောင်း သုခဒါယီ လူမှုကယ်ဆယ်ရေး(ဖားပြင်)မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

“မိုးများနေတော့ ရေထဲဆင်းရတာက အဆင်မပြေဘူးဗျ။ အလောင်းကလည်း တစ်လောင်းပြီးတစ်လောင်းကို ထပ်ပေါ်နေတော့တာ။ မတတ်နိုင်ဘူးလေ ကျွန်တော်တို့လည်း အသက်စွန့်ပြီးဆယ်ပေးရတာပဲ” ဟုပြောသည်။

လူပျောက်လာရောက်တိုင်ကြားထားသော စာရင်းများအရ ပျောက်ဆုံးနေသူ ၃၆ ယောက်ရှိပြီး ရုပ်အလောင်း ပြန်လည်တွေ့ရှိထားရာမှ ကိုဖြိုးခိုင်နှင့် ကိုစိုးထွန်းသိန်းဆိုသူသာသိရှိရပြီး ကျန်သူများ၏ အမည်ကို မသိရှိရသေးကြောင်း သိရသည်။

ဖားကန့်မြို့နယ် မနကျေးရွာအနီးရှိ ကျောက်စိမ်းတောင်လုပ်ကွက်တွင် ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွှဲ ၃ နာရီခန့်က မြေပြိုကျချိန် ရေလှိုင်းပုတ်ခတ်မှု‌ကြောင့် နွံကန်ဘေးတွင် လက်ကျင်းတူးနေသူများနှင့် ရေမဆေးကျောက်ရှာဖွေသူများ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ၁၀ ဦးထက်မနည်းမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မှော်စီစာကျေးရွာ အောင်သာယာရပ်ကွက် (၂) တွင်လည်း ဩဂုတ်လ ၅ ရက်နေ့က ကမ်းပါးပြိုကျမှုကြောင့် ရေချိုးနေသည့် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦးက ရေစီးနှင့်အတူ‌မျောပါသွားကာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

ဖားကန့်မြိုနယ်ရှိ ရွှေကျောက်တူးဖော်သော လုပ်ကွက်မြေစာပုံများသည် မြေပြို၊ ကျင်းပြိုကာ နှစ်စဉ် လူအသေအပျောက်များ ရှိနေပြီး ၂၀၂၀ ခုနှစ် မြေစာပြိုကျမှုကြောင့် လူပေါင်းရာနှင့်ချီသေဆုံးခဲ့သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ