စစ်လက်နက်ပစ္စည်းနှင့် လစာသွားထုတ်ပြီးပြန်လာသော စစ်ကောင်စီကားနှစ်စီး ယနေ့နံနက် ၁ နာရီခန့်က အင်းတော်မြို့နယ်တွင် KIA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကသာမြို့မှ အင်းတော်မြို့သို့ ၁၂ ဘီးကားဖြင့် လစာထုတ်ပြီးပြန်လာချိန် အင်းတော်နှင့် ကိုးမိုင်ခန့်အကွာရှိ လမ်းပိုင်းတစ်နေရာတွင် မိုင်းသုံးလုံးဆွဲပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု Indaw Revolution IR မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မိုင်းကွင်းထဲဝင်လာတာ တော်တော်လေးထိသွားတယ်။ မိုင်းသုံးလုံးဆွဲပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပေါ့။ သူတို့ (စစ်ကောင်စီ) တွေဘက်ကလည်း အင်းတော်ဘက်ကနေ လက်နက်ကြီးတွေနဲ့ အဲဒီဘက်ကို ပစ်နေတာ” ဟုပြောသည်။

တစ်နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁၂ ဘီးကား တစ်စီးပျက်စီးခဲ့ကာ အင်းတော်မြို့မရဲစခန်းသို့ ဆွဲယူသွားကြောင်း သိရသည်။

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများရှိသည်ဟုသိရပြီး အင်းတော်မြို့ ပညာရေးမှူးရုံးအနီးရှိ စစ်တပ်ကုန်းတွင် မြန်မာနိုင်ငံအလံဖြင့် ဖုံးအုပ်ထားသော ရုပ်အလောင်း နှစ်လောင်းကို တွေ့ရှိရကြောင်း အင်းတော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးကုတာတော့ အဲဒီအင်းတော် စစ်တပ်ကုန်းမှာပဲ ကုတယ်လို့ကြားတယ်။ အဲဒီစစ်တပ်ကုန်းမှာ တပ်ထိုင်ထားတာက တပ်မ (၇၇) လည်းရှိတယ် (၈၈) လည်းရှိတယ်။ ပြီးတော့ အဲဒီရှေ့မှာ အလောင်းနှစ်လောင်းပေါ့လေ အလံနဲ့အုပ်ထားတယ်” ဟုပြောသည်။

ကချင်လွတ်လပ်ရေးတပ် (KIA)၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ပူးပေါင်းတိုက်ပွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် တိုက်ပွဲဖြစ်ပွားပြီးနောက် အင်းတော်မြို့အတွင်းရှိ စစ်ကောင်စီဂိတ်များကို နံနက် ၁၁ နာရီအထိ ဖြတ်သန်းသွားလာသွားလာခွင့် ပိတ်ထားခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ဆေးမှု တင်းကြပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် KPDF တပ်ဖွဲ့ဝင်များ အင်းတော်မြို့နယ် နဘားလမ်းဆုံးအနီးတွင် မိနစ် ၃၀ ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ