စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ကန့်ပက်လက်မြို့နယ်မှ ဒေသခံအချို့ မူလနေရပ်သို့ပြန်နေကြသော်လည်း အချို့ကလုံခြုံရေးအခြေအနေကြောင့် မပြန်နိုင်သေးကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးရွာအတွင်းရှိ နေအိမ်ပျက်စီးဆုံးရှုံးမှု အခြေနေကို မသိရသေးသည့်အပြင် လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ ရှိနေသေးသောကြောင့် တောထဲတွင် မိုးကာတဲထိုးကာနေခြင်းဖြစ်သည်ဟု မဆာတွီကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တစ်ကွဲတပြားစီ နီးစပ်ရာတောထဲမှာ မိုးကာတဲထိုးပြီးနေရတယ်။ စစ်ကြောင်းတက်လာတော့ လမ်းတွေက ကြိုပိတ်ထားတာဆိုတော့ စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆားတွေ နေရမယ့်မိုးကာတွေကစ အဆင်မပြေဘူး။ ရွာထဲမှာလည်း အပျက်အစီးတွေတအားများတယ်ဆိုတော့ အစအဆုံးမသိရသေးဘဲ ပြန်ဝင်ဖို့ နည်းနည်း စိုးရိမ်တာပေါ့။ များသောအားဖြင့် ပျက်စီးသွားတော့ လောလောဆယ်နေဖို့ လုံးဝအဆင်မပြေဘူး” ဟုပြောသည်။

လက်နက်ရိက္ခာနှင့် အင်အားဖြည့်တင်းရန် ဆောမြို့နယ်၊ လောင်းရှည်မြို့မှ မဆာတွီ – ကျင်ဒွေး လမ်းကြောင်းအတိုင်းတက်လာသည့် ကား ၂၉ စီးပါ စစ်ကောင်စီစစ်ကြောင်းနှင့် ဇူလိုင်လ ၁၄ ရက်နေ့က စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်ဟု Chinland Defense Force – Kanpetlet (CDF-ကန်ပက်လက်) ပြန်ကြားရေးတာဝန်ခံကပြောသည်။

“စလင်းကနေ အရပ်သားကားတွေ ချောဆွဲပြီးမှတင်လာတဲ့ ထောက်ပို့ယာဉ်တန်း စစ်ကားကတော့ နှစ်စီးပဲ ပါတယ်။ ချင်းနဲ့ မကွေးနယ်စပ်ကြားမှာ သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာတွေနဲ့ အနီးအနားက ကျေးရွာတွေကို ဂျက်ဖိုက်တာငါးစီး နဲ့ အကြိမ် ၂၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်” ဟုပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မြေပြင်စစ်ကြောင်းမှ မီးရှို့ဖျက်ဆီးမှုများကြောင့် မဆာတွီကျေးရွာမှ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းအပါအဝင် နေအိမ် ၁၇ လုံးထက်မနည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု CDF ကန်ပက်လက် တာဝန်ရှိသူများနှင့် ဒေသခံများထံကသိရသည်။

အဆိုပါတိုက်ပွဲကြောင့် ကန်ပက်လက်မြို့နယ်အတွင်းရှိ မဆာတွီ၊ လှိုင်ဒုတ်၊ မောချောင်း၊ မှော်လောင်းနှင့် မှန်တောင်စသည့် ကျေးရွာငါးရွာမှ အိမ်ထောင်စု ၅၆၀ ခန့် လူဦးရေ ၂၄၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကျေးရွာလေးရွာမှာ ဩဂုတ်လ ၁၂ ရက်နေ့မှစတင်ကာ နေရပ်ပြန်နေကြပြီဖြစ်ကြောင်း CDF တပ်ရင်း ၅ တာဝန်ရှိသူ တစ်ဦးကပြောသည်။

“တစ်ချို့တစ်ဝက်တော့ ပြန်ကြတယ်ဗျ။ မှန်တောင်ရယ် မှော်လောင်းရယ် မောချောင်းရယ် လှိုင်ဒုတ်ရယ်ပေါ့နော် ဒီလေးရွာကတော့ ရွာထဲမှာ ပြန်နေလို့ရတဲ့ အနေအထားရှိတာကြောင့် နေရပ်ကို ပြန်နေကြတာပေါ့” ဟုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ ဆောမြို့နယ် ရင်းကဲကျေးရွာတွင်လည်း နေအိမ် ၂၁၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၁၂ နှစ်ခန့်အရွယ်ရှိ ကလေးတစ်ဦးနှင့် အသက် ၄၅ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးတို့ကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကလည်း မကွေးတိုင်းမှ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် CDF တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံပြည်သူ ၁၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ