ရေခဲတောင်ခြေရှိကျေးရွာများသို့ ဆက်သွယ်ထားသော ချောင်းကူးတံတားတစ်စင်းပျက်စီးသွားသောကြောင့် ဆေးမြစ်ရှာသည့် ပူတာအိုဒေသခံပြည်သူများ အခက်တွေ့နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် မုန်လန်ချောင်းရေ အဆမတန် မြင့်တက်လာပြီး ပထမအကြိမ်တံတားပျက်စီးသွားစဉ် ပြန်လည်ပြင်ဆင်ခဲ့သော်လည်း ထပ်မံပျက်စီးသွားသဖြင့် ဆက်လက်အသုံးပြုရန် ခက်ခဲသွားပြီဟု တံတားဦးဆောင်ပြုပြင်ခဲ့သူ ကိုဆန်နိုင်က The 74 Media ကိုပြောသည်။

“ချောင်းရေက အရင်နှစ်တွေထက် နှစ်ဆ၊ သုံးဆလောက်ကြီးတယ်။ အခုပြန်ပြင်ပြီးသုံးနေတဲ့ ပျဉ်တံတားက ဒေသခံတွေကိုယ်ထူကိုယ်ထပြန်ပြင်ပြီးသုံးနေခဲ့တာ။ အစိုးရကကားတွေလည်းသွားလို့ရတဲ့ သံဘောင်ယာယီတံတားဆောက်ထားပေးတယ်၊ ဒါပေမဲ့ ရေကြီးတော့ပါသွားတာ” ဟုပြောသည်။

ယခုကာလသည် ဒေသခံပြည်သူများ ဆေးမြစ်ရှာသောရာသီဖြစ်သောကြောင့် ရေခဲတောင်ခြေရှိ ကျေးရွာများမှ ဒေသခံများအပြင် ပူတာအိုမြို့ပေါ်မှ ဆေးမြစ်ရှာရန်လာသူများလည်း အခက်အခဲကြုံတွေ့နေရကြောင်း အသက် ၂၃ နှစ်ခန့်အရွယ်ရှိ လုံးနဒမ်းကျေးရွာနေလူငယ်တစ်ဦးကပြောသည်။

“မနေ့ကတော့ ရေလည်းအရမ်းကြီးနေတယ် တံတားလည်းကျိုးနေတော့ ဘယ်လိုမှဆက်သွားလို့မရလို့ ပူတာအိုကိုပဲ ပြန်ခေါက်လိုက်တာ။ ပြန်ခေါက်တဲ့သူတွေအများကြီးပဲ ရေခဲတောင်ဘက် ဆေးမြစ်သွားရှာတဲ့သူတွေလည်း ပြန်ခေါက်သွားကြတယ်။ လေး၊ ငါးယောက်လောက်တော့ ရေကျမယ့်အချိန်ကို စောင့်နေကြတယ်” ဟုပြောသည်။

တံတားကို ပြန်လည်ပြုပြင်မည်ဆိုပါက ထပ်မံကျိုးကျခြင်းနှင့် ရေမျောခြင်းများ မရှိအောင် ခြောက်ပေခန့်မြင့်ပြီး ဆောက်လုပ်စေလိုကြောင်း သူကဆက်ပြောသည်။

ရေခဲတောင်ခြေရှိ ကျေးရွာများကို ဆက်သွယ်ရေးဖုန်းလိုင်းရရှိရန်၊ လမ်းတံတားများကောင်းရန်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက တာဝန်ယူလုပ်ဆောင်ပေးသင့်ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ပူတာအိုခရိုင်းအတွင်းရှိ ကျေးရွာအများစုမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် ဒေသခံပြည်သူများ ကျန်းမာရေးကိစ္စနှင့် အရေးပေါ် သွားလာရန်လိုအပ်ပါက ဒုက္ခဖြစ်ရကြောင်း ကိုဆန်နိုင်က ဆက်ပြောသည်။

“အရေးကြီးသွားစရာရှိတဲ့အချိန်တွေဆို အရမ်းဒုက္ခရောက်ရတယ်။ ပူတာအိုဘက်မှာ ကျောင်းတက်နေတဲ့ ကလေးတွေရှိတယ် သူတို့မိဘတွေက တစ်လမှာနှစ်ကြိမ်လောက် ရိက္ခာထမ်းပြီး သွားပေးရတာတွေရှိတယ်။ ဖျားနာတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်တွေလည်း ပူတာအိုဆင်းပြီးပြမှ အဆင်ပြေတာ အဲ့လိုလူတွေအတွက် အရမ်းဒုက္ခရောက်ရပါတယ်” ဟုပြောသည်။

ဒေသဆိုင်ရာအချက်အလက်များအရ ပူတာအိုခရိုင်အတွင်း တံတားပေါင်း ၁၄၀၀ ခန့်ရှိကြောင်း သိရသည်။

ပူတာအိုဒေသတွင် ဒေသခံအများစုမှာ ရေခဲတောင်တက်ခရီးသွားလုပ်ငန်း၊ ဆေးမြစ်ရှာသည့်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းကြပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ပူတာအိုခရိုင်တွင် မြို့နယ်ငါးခုပါဝင်ပြီး လူဦးရေ ကိုးသောင်းတစ်ထောင်ကျော်နေထိုင်သည်။

သတင်း – Dureng
ပုံ – Ko Hsan Naing

သင့်ထင်မြင်ချက်ရေးပေးပါ