ကားလမ်းမပေါ်တွင် နွားများကို စည်ကမ်းမဲ့ လွှတ်ထားသောကြောင့် မိုးကောင်းတွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်သည်သာမက လူသေဆုံးမှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

အောင်မင်္ဂလာကျေးရွာ မူလတန်းကျောင်းရှေ့ လမ်းမပေါ်တွင် လွတ်ထားသောနွားကို တိုက်မိသောကြောင့် ဩဂုတ်လ ၈ ရက်နေ့က ဆိုင်ကယ်မောင်းနင်လာသည့် အမျိုးသား နေရာတင်သေဆုံးခဲ့သည်ဟု ရင်ငြိမ်းပန်းပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဖြစ်စဉ်ကတော့ ဆိုင်ကယ်နဲ့နွားတိုက်မိပြီး လဲတယ်ပေါ့ လဲရင်းနဲ့ပဲဖြစ်သွားတယ်။ သူကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတာ။ ဖြစ်စဉ်ဖြစ်ပြီး မိနစ် ၃၀ ကြာမှ ကျွန်တော်တို့ကိုဆက်သွယ်လာတာဆိုတော့ သွားတဲ့အချိန်မှာ အသက်မရှိတော့ဘူး” ဟုပြောသည်။

သေဆုံးခဲ့သူမှာ နောင်ကိုင်တော်ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး အဆိုပါဖြစ်စဉ်တွင် အတိုက်ခံရသည့် နွားလည်းသေဆုံးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အောင်မင်္ဂလာရပ်ကွက်၊ ကျွန်းတောရပ်ကွက်နှင့် ဖိုးချစ်ကုန်းရပ်ကွက်တို့တွင် နွားများကို စည်းကမ်းမဲ့လွတ်ထားပြီး ညအချိန် လမ်းဘေးမီးတိုင်များ မီးမလင်းသောကြောင့် ယာဉ်တိုက်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်း ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူအမျိုးသားတစ်ဦးက ပြောသည်။

“လမ်းဘေးမီးတွေက မလင်း ကျွဲ၊ နွားတွေကလည်း စည်းကမ်းမဲ့ဖြစ်တော့ လူတွေကလည်း ညညသောက်စားလာကြတယ် ထင်ပါတယ်။ မသေပေမဲ့ ကျိုးကုန်ကျတာပေါ့လေ။ တချို့ကလည်း ကားနဲ့ဆိုတော့ လူမထိပေမဲ့ ကားနာတယ်” ဟုပြောသည်။

ယာဉ်မတော်တဆမှုကြောင့် အသက်သေဆုံးရသူများလည်းရှိသောကြောင့် လမ်းသွားလမ်းလာများ အခက်အခဲမရှိစေရန် နွားပိုင်ရှင်များအနေဖြင့် နွားများကို စည်းကမ်းတကျထိန်းသိမ်းစေလိုကြောင်း ဒေသခံလူငယ်တစ်ဦးက ပြောသည်။

“စည်းကမ်းမဲ့ဒီတိုင်းလွှတ်လိုက်တဲ့အခါကျတော့ ထိန်းသိမ်းမယ့်သူလည်းမရှိ သွားချင်ရာသွားတော့တာ။ ဒီလို စည်းကမ်းမဲ့ လွှတ်တဲ့အခါကျတော့ ယာဉ်တိုက်မှုဖြစ်လာတာ များလာတယ်ပေါ့။ သူ့ရဲ့စားကျက်နေရာမှာ မဟုတ်ဘဲ လမ်းပေါ်တွေတက် ယာဉ်ပိတ်ဆို့မှုတို့ accident (ယာဉ်တိုက်မှု)တို့ ဖြစ်လာတာပေါ့။ ဒီအတွက်ကြောင့်မို့လို့ ကိုယ့်ရဲ့နွားတွေကို ထိန်းသိမ်းစေချင်ပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် နှစ်ပတ်တာအတွင်း နွားကြောင့်ယာဉ်တိုက်မှု လေးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း မိုးကောင်းမြို့ရှိ ပရဟိတအသင်းများနှင့် ဒေသခံများထံမှသိရသည်။

စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ခုနှစ်လတာအတွင်း ယာဉ်တိုက်မှုပေါင်း ၁၀၃ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၇ ဦးရှိကြောင်း သိရသည်။

သတင်း – သုတ
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ