မြစ်ကြီးနာမြို့နယ် နောင်နန်းအုပ်စုရှိ အမှတ် (၃) ပ.လ.န ရဲစခန်း ယမန့်နေ့ည ၉ နာရီခန့်ကပစ်ခတ်ခံရပြီး ရဲတစ်ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးက လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ သေနတ်သံ ရှစ်ချက်ခန့် ကြားခဲ့ရသည်ဟု အမည်မဖော်လိုသူ မြို့ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်ကယ်နဲ့ပစ်ပြီး ထွက်ပြေးသွားတယ်တဲ့။ ရဲတစ်ယောက်က သေပြီး တစ်ယောက်က ထိခိုက်ဒဏ်ရာရတယ်လို့ကြားရတယ်” ဟုပြောသည်။

ပစ်ခတ်သံကြားရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မန်ခိန်ရပ်ကွက်နှင့် ရွှေစက်ရပ်ကွက်တို့တွင် ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သူကပြောသည်။

ယမန်နေ့ညက ပ.လ.န နယ်မြေရဲစခန်းကို PDF တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့ကြောင်း PDF များနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရဲစခန်းကိုသွားပစ်တာ ရဲနှစ်ယောက်သေတာ သေချာတယ်။ ဗုံးနဲ့မဟုတ်တာကြောင့် အသံကသိပ်မကြားရဘူး” ဟုပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ရဲစခန်းရှေ့တွင် ဖြတ်သန်းသွားလာနေသူများကို ယနေ့နံနက်ပိုင်းမှစတင်ကာ တင်းကြပ်စွာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယခုအချိန်တွင် ပုံမှန်ပြန်လည်သွားလာနေပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ညကပစ်ခတ်မှုဖြစ်စဉ်တွင် ရဲနှစ်ဦးသေဆုံးခဲ့သည်ဟု ပြောသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်ညကလည်း အဆိုပါ အမှတ် (၃) ပ.လ.န ရဲစခန်းတွင် ဗုံးသံကျယ်လောင်စွာကြားရပြီး သေနတ်သံပစ်ခတ်သံလည်း ၁၅ မိနစ်ခန့်ကြားခဲ့ရကြောင်း သိရသည်။

KIA တပ်ဖွဲ့ကလည်း ပြီးခဲ့သည့် ၂၀၂၂ နှစ် ဩဂုတ်လ ၆ ရက်က အဆိုပါရဲစခန်းကိုဝင်ရောက်ပစ်ခတ်ရာ ရဲတပ်ဖွဲ့ဝင် လေးယောက်သေဆုံးခဲ့ပြီး KIA တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့သည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ