ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ယနေ့ မွန်းလွှဲ သုံးနာရီခန့်က ‌မြေပြိုမှု‌ကြောင့် ကျောက်ရှာဖွေ‌နေသူ ၃၀ ဦးခန့်‌ပျောက်ဆုံးနေကြောင်း ဖားကန့်ဒေသခံများထံမှသိရသည်။

မနကျေးရွာအနီးရှိ ကျောက်စိမ်းတောင်လုပ်ကွက်တွင် မြေပြိုကျချိန် ရေလှိုင်းပုတ်ခတ်မှု‌ကြောင့် နွံကန်ဘေးရှိ လက်ကျင်းတူးနေသူများ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု အသက် ၂၃ နှစ်ခန့်အရွယ် မနကျေးရွာဒေသခံက The 74 Media ကိုပြောသည်။

“အဲ့မှာက ဂန်းစက်နဲ့ ကျောက်တူးနေကြတဲ့သူတွေရှိတယ်။ ရေက သူတို့တူးနေတဲ့နေရာထိကို‌ ရောက်တာ ရေက အပေါ်လျှံတက်လာပြီး သူတို့ကိုပါဆွဲခေါ်သွားသလိုဖြစ်သွားတာ” ဟုပြောသည်။

ရေစီးနှင့်အတူပါသွားသည့် ရေမဆေးကျောက်ရှာသူများကို ကူညီကယ်ဆယ်‌‌ရေးများပြုလုပ်နေပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း ရှရော်ခလူမှုကူညီ‌ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

“လောလောဆယ်တော့ ဆယ်လို့မရသေးဘူးဗျ။ ရေကလည်များတော့လေ ဘယ်သူပါသွားလည်းဆိုတာ စာရင်းလာပေးတဲ့သူတွေတော့ရှိတယ်။ အလောင်းတွေ့ရင်တော့ သူတို့ဆီ ဖုန်းတိုက်ရိုက်ဆက်ပေးမယ်လို့တော့ ပြောထားတယ်” ဟုပြောသည်။

လက်ရှိအချိန်ထိ လူပျောက်စာရင်း လာရောက်ပေးသွင်းသူ ၃၀ ဦးထက်မနည်းရှိကြောင်း သိရသည်။

မြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသူ ၁၀ ဦးခန့် ဖားကန့်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ယခုကဲ့သို့ မြေပြိုမှုကြောင့် နှစ်စဉ်သေဆုံးမှုများရှိနေပြီး ၂၀၂၀ ခုနှစ်က ဝှေခါမှော်ရှိ ကျောက်စိမ်းလုပ်ကွက်အတွင်း မြေပြိုကျမှုကြောင့် လူပေါင်း ၁၇၀ ကျော်သေဆုံးခဲ့သည်။

သတင်း – SK

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ