စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖွဲ့စည်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူတိုက်ပွဲဝင်နေသည့် ဒေသအခေါ်လီဆူပြည်သူ့စစ်အခြေစိုက်စခန်းတစ်ခ်ုကို ပူတာအိုဒေသတွင် ထပ်မံဖွဲ့စည်းရန် စည်းရုံးမှုများရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

ဇူလိုင်လမှစတင်ကာ ဦးအားဖူဆိုသူက တပ်ဖွဲ့အသစ်ဖွဲ့စည်းရန်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ဘာသာရေးဆရာများကို လိုက်လံစည်းရုံးနေသည်ဟု အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ပူတာအိုဒေသခံ လီဆူအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူကဘာပြောလဲဆိုတော့ ရဝမ်ကလီဆူတွေကို နောက်ဆိုနေခိုင်းမှာမဟုတ်ဘူး။ ရဝမ်ဘိုးဘွားနယ်မြေဆိုပြီး သမိုင်းစာအုပ်လည်း ထုတ်ပြီးသားဟုတ်တယ်။ အဲ့ဒါကြောင့် ငါတို့လီဆူတွေက ကြိုတင်ပြင်ဆင်ထားတာ မဟုတ်ရင် နောက်ဆိုချေပနိုင်မှာမဟုတ်ဘူး။ အခုလီဆူပြည်သူ့စစ်ကို ဖွဲ့မှရတော့မယ်။ နေပြည်တော်မှာလည်း စစ်ကောင်စီဘက်မှာ တရားဝင်တောင်းပြီးပြီ၊ ပူတာအိုဗျူဟာမှာလည်း ပြောပြီးပြီ။ အခွင့်အရေးရတဲ့အချိန်မှာ လုပ်ရအောင်ဆိုပြီး စည်းရုံးတာ” ဟုပြောသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်မည့်သူများကို လစဉ်ထောက်ပံ့ကြေးပေးမည်ဖြစ်ပြီး ပူတာအိုမြို့မှ မြစ်ကြီးနား – ပူတာအို လမ်းမကြီးပေါ်ရှိ ဆွမ်ပီယာန်ကျေးရွာအထိ လီဆူလူမျိုးများ၏ နယ်မြေအဖြစ် သတ်မှတ်ကာ ဖတ်မာကျေးရွာနှင့် လုံရှာယာန်ကျေးရွာကြား စခန်းချနေထိုင်ခွင့်ပြုမည်ဖြစ်သည်ဟုပြောကြောင်း သူကဆိုသည်။

“စခန်းကိုတော့ ဖတ်မာနဲ့ လုံရှာယာန်ကြားမှာ ထိုင်ခိုင်းမယ်လို့ကြားတယ်ပြီးတော့ မြစ်ကြီးနား – ပူတာအို ကားတွေကိုလည်း ဂိတ်ကြေးကောက်ပြီးတော့ ပြည်သူ့စစ်တွေအတွက် အကျိုးရှိအောင်လုပ်မယ်။ လီဆူပိုင်မြေအဖြစ်ပေးမယ် ပြီးတော့ကိုယ့်နယ်မြေကိုယ်ကာကွယ်ကြပါလို့လည်း စစ်တပ်ကပြောတယ်တဲ့” ပြောတယ်။

တပ်ဖွဲ့ဝင်များကို ငွေကျပ်နှစ်သိန်းနှင့် ဆန်တစ်အိတ် လစဉ်ထောက်ပံ့မည်ဖြစ်ပြီး မြစ်ကြီးနား – ပူတာအို လမ်းမကြီးပေါ်ရှိ လုံရှာယာန်ကျေးရွာမှ မူလာရှီးဒီကျေးရွာအထိ အမျိုးသားအယောက် ၃၀ ခန့်ကို ကနဦး စာရင်းပေးခိုင်းကြောင်း သိရသည်။

လမ်းတွင် ဂိတ်ထိုင်ရန် လီဆူပြည်သူ့စစ်အသစ် ဖွဲ့စည်းမည်ဟုဆိုကာ လိုက်လံစည်းရုံးနေခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဖြစ်သောကြောင့် ဝင်ရောက်မည်သူရှိမည်မဟုတ်ကြောင်း ဖတ်မာကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

“လက်ခံတဲ့သူလည်းရှိရင်ရှိမှာပေါ့ ဒါပေမဲ့ ဦးနှောက်ရှိတဲ့သူကတော့ဘယ်သူမှမလုပ်ဘူးလေ။ အခုနိုင်ငံရေးက အဲ့လောက်မကောင်းတာ အလုပ်လို နိုင်ငံရေးမှာလုပ်မယ်ဆိုတော့ ဟိုဘက်(တော်လှန်ရေးအင်းအားစု)ကို တော်လှန်သလိုဖြစ်သွားပြီးလေ။ သူတို့(စစ်ကောင်စီ)တွေရဲ့အာဏာအောက်မှာပဲနေရမယ်ဆို နောက် လီဆူဆိုတာတောင်နေလို့ရမှာ မဟုတ်တော့ဘူး” ဟုပြောသည်။

စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဖြစ်သောကြောင့် ပါဝင်မည်မဟုတ်ဘဲ လူငယ်များပါဝင်လာအောင်လည်း နည်းမျိုးစုံဖြင့် လိုက်လံစည်းရုံးနေသောကြောင့် လူငယ်များကို အသုံးမချသင့်ကြောင်း လီဆူလူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ်ထဲဝင်တဲ့အချိန်တောင် စိတ်ကျန်းမာရေးမစစ်ဘူး၊ ဂေါက်ကြောင်ကြောင်တွေလည်း အားလုံးဝင်တယ်။ ဦးရွှေမင်းရဲ့ ပြည်သူ့စစ်တပ်ထဲမှာလည်း အဲ့လို့ပဲဝင်ချင်တဲ့သူအားလုံး လက်ခံတယ်။ ကျွန်တော်တော့ မဝင်ဘူး။ ဆင်ခြင်တုံတရားအားနည်းတဲ့ ကောင်တွေတော့ဝင်ကြမှာ အသိတရားရှိတဲ့သူတွေတော့ ဝင်မှာမဟုတ်ဘူးလို့ ယုံကြည်တယ်” ဟုပြောသည်။

ယခုကဲ့သို့ ရိက္ခာနှင့် ငွေကြေးများပေးမည်ဟု လိုက်လံစည်းရုံးနေလျင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအဖြစ် ပါဝင်မည့်သူများ ရှိလာနိုင်သောကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ မပါဝင်စေလိုကြောင်း အသက် ၂၆ နှစ်ခန့်အရွယ်ရှိ ပူတာအိုဒေသခံ လီဆူလူငယ်တစ်ဦးက ပြောသည်။

“ဝင်တဲ့သူပါကောင်းပါနိုင်တယ် စစ်ကောင်စီကတော့ သူတို့လက်အောက်ခံဆိုတော့ ဖွဲ့စည်းခိုင်းမှာပဲ။ ပြည်သူတွေလည်း အခုလိုလိုက်စည်းရုံးတဲ့ထဲ နားယောင်ပြီးပါသွားမှာလည်း စိုးရိမ်ရတယ်။ အခုလည်း စစ်ပွဲကြောင့် ပြည်သူတွေပဲ ဒုက္ခရောက်နေတာကို။ လက်နက်ကိုင်ပြီဆို ကျွန်တော်တို့ဒေသအတွက် ကောင်းကျိုးထက် ဆိုးကျိုးကပိုများမယ်လို့ထင်တယ်။ စည်းရုံးတဲ့သူကတော့ နည်းလမ်းအမျိုးမျိုးသုံးမှာပဲ” ဟုပြောသည်။

ပြည်သူ့စစ်ဖွဲ့စည်းခြင်းသည် တစ်ကိုယ်ကောင်းဆန်သောလုပ်ရပ်ဖြစ်ပြီး လူအခွင့်အရေး နားလည်မည်မဟုတ်ဘဲ အာဏာရှင်စနစ် အားပေးထောက်ပံ့သော လုပ်ရပ်များကို မပြုလုပ်စေလိုကြောင်း လူငယ်များက ပြောသည်။

ပူတာအိုမြို့နယ်အတွင်းရှိ မူလာဒီကျေးရွာ၊ အာဒေဒီကျေးရွာ၊ မူလာရှီးဒီကျေးရွာ၊ ဖတ်မာကျေးရွာနှင့် လုံရှာယာန်ကျေးရွာများတွင် လိုက်လံစည်းရုံးနေသော ဦးအားဖူဆိုသူမှာ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူဖြစ်ကြောင်း ပူတာအိုဒေသရှိ လီဆူလူမျိုး ရပ်မိရပ်ဖများထံမှ သိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအိုလမ်းတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီဂိတ်များရှိပြီး အဆိုပါလမ်းတစ်လျှောက်ပြေးဆွဲနေသည့် ကားများကို ငွေကြေးကောက်ခံလျက်ရှိသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပူတာအိုမြို့နယ်တွင် လူဦးရေ ခြောက်သောင်းကျော်နေထိုင်သည်။

သတင်း – Dureng

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ