စစ်ကောင်စီတပ် တစ်နေ့ထက်တစ်နေ့ ကျဆုံးလာနေပြီဖြစ်သောကြောင့် တော်လှန်ရေးပန်းတိုင်နီးစပ်လာပြီဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌက ယနေ့ကျရောက်သည့် ကချင်အာဇာနည်နေ့အထိမ်းအမှတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လ၏ မိန့်ခွန်းတွင် စစ်ကောင်စီသည် အဘက်ဘက်မှဆုတ်ယုတ်ကျဆုံးနေပြီး တော်လှန်ရေးရည်မှန်းချက်လက်တစ်ကမ်းအလိုတွင် ရောက်ရှိနေပြီဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် KIO  ဗဟိုကော်မတီ၏ ဦးဆောင်ချမှတ်သည့် နိုင်ငံရေးခြေလှမ်းတွင် ပူးပေါင်းဆောင်ရွက်ကြရန် မိန့်ခွန်းတွင် ပါရှိသည်။

“စစ်ကောင်စီက တစ်နေ့ထက်တစ်နေ့ပိုမို ဆုတ်ယုတ်ကျဆုံးလာနေပြီဖြစ်တဲ့အတွက် ‌တော်လှန်ရေးအဖွဲ့တွေရဲ့ ပန်းတိုင်ရောက်ခါနီးနေပြီ။ ဒါကြောင့် KI‌O ဗဟိုကော်မတီကချမှတ်တဲ့ နိုင်ငံရေးခြေလှမ်းတိုင်းမှာ ပြည်သူလူထုရော၊ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ တပ်မိသားစုဝင်တွေရော ယုံကြည်မှု ခိုင်ခိုင်မာမာနဲ့ ဆက်လက်ပါဝင်ကြရအောင်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် ယခုဖြစ်ပွားနေသည့် ပြည်တွင်းစစ်မှာ ပြည်သူလူထုနှင့် စစ်ကောင်စီတပ်ကြားဖြစ်ပွားနေခြင်းဖြစ်ပြီး အမျိုးသားတော်လှန်ရေးတပ်ဖွဲ့များက ပြည်သူလူထုအတွက် မားမားမတ်မတ်ရပ်တည်ပြီး စနစ်သစ်ဖော်ဆောင်နိုင်ရန် ပိုမိုကြိုးစားအားထုတ်ကာ မိမိ၏ နိုင်ငံရေးပန်းတိုင် မပျောက်ပျက်အောင် သတိထားလုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း မိန့်ခွန်းတွင်ပါဝင်သည်။

စစ်ကောင်စီတပ်ကျရှုံးနေချိန် ကိုယ်ကျိုးစီးပွားအတွက် စစ်ကောင်စီကို ထောက်ခံအားပေး၊ ကာကွယ်နေကြသည့် အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တို့သည် စစ်ကောင်စီအတွက် ထောက်တိုင်များဖြစ်နေပြီး KIO/KIA ၏ စစ်ရေးနှင့် နိုင်ငံ‌ရေး လုပ်ဆောင်ချက်တိုင်းကို ပြစ်တင်ရှုံ့ချဝေဖန် ပြောဆိုနေသူများသည်လည်း စစ်ကောင်စီတပ်၏ မျက်စိ၊ နား၊ ခြေနှင့် လက်များ ဖြစ်နေသည်ကို သတိမူရမည်ဖြစ်ကြောင်း ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဆက်လက်တည်တံ့နေရခြင်းမှာ မိမိဒေသနှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့်ကာ အသက်ပေးဆပ်ခဲ့သည့် အဖွဲ့ဝင်များကြောင့်ဖြစ်ပြီး အမြဲလေးစားဂုဏ်ပြုလျက်ရှိကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ကချင်အာဇာနည်နေ့ (Share Shagan masat n’htoi) အဖြစ် ကချင်လွတ်မြောက်ရေးအဖွဲ့၏ ပထမဆုံး ဥက္ကဋ္ဌဖြစ်သူ ဂျီအိုစီ လထော်ဇော်ဆိုင်း ထိုင်း – မြန်မာနယ်စပ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ၁၉၇၅ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ကို အစွဲပြုကာသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ကျရောက်သည့် ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ စာမျက်နှာ လေးမျက်နှာပါရှိပြီး ကချင်ဘာသာဖြင့် ထုတ်ဝေထားကာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကလက်မှတ်ရေးထိုးထားသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ